ပရီးမီးယားလိဂ်မှာ နှစ်ပွဲဆက်ရှုံးနိမ့်ပြီးနောက် ရယ်ရွှင်စရာပေးဂိုးတွေနဲ့ပတ်သက်လို့ မာရက်စ်ကာ စိတ်ပျက်ညည်းတွား
ယမန်နေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘရိုက်တန်ကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီးနောက် မန်စီးတီးနည်းပြမာရက်စ်ကာက သူ့အသင်းပေးလိုက်ရတဲ့ ရယ်ရွှင်စရာပေးဂိုးတွေနဲ့ပတ်သက်လို့ စိတ်ပျက်ဒေါသထွက်ခဲ့ပါတယ်။
အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်ခုနစ်ပွဲဆက် အနိုင်ရရှိပြီးနောက် မာရက်စ်ကာက မန်စီးတီးသမိုင်းတလျှောက် ဒီလိုစွမ်းဆောင်ရည်လုပ်ပြနိုင်တဲ့ ပထမဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
ဒါပေမဲ့ အခုတော့ အီတာလျံလူမျိုးနည်းပြက အက်စတွန်ဗီလာ၊ ဘရိုက်တန်တို့ကို ဆက်တိုက်ရှုံးနိမ့်ကာ ပရီးမီးယားလိဂ်နောက်ဆုံးနှစ်ပွဲဆက် ရမှတ်ပျောက်ဆုံးခဲ့ပါတယ်။
ဘရိုက်တန်အတွက် အဖိုးတန်အနိုင်ဂိုးကိုတော့ မာသီးယက်စ်နူနက်စ်ရဲ့ဘောလုံးရှင်းထုတ်ပုံအမှားကို အခွင့်ကောင်းယူကာ ကွင်းလယ်ကစားသမားအယာရီက သွင်းယူခဲ့ပါတယ်။
ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန် မာရက်စ်ကာက အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်မှုရှိပေမဲ့ ဆက်တိုက်ဆိုသလို ခွင့်ပြုပေးနေရတဲ့ ရယ်ရွှင်စရာပေးဂိုးတွေနဲ့ပတ်သက်လို့ စိတ်ပျက်ညည်းတွားခဲ့ပါတယ်။
မာရက်စ်ကာက "အက်စတွန်ဗီလာနဲ့ပွဲစဉ်အပြီး ခံစားချက်နဲ့ အရမ်းတူညီပါတယ်"
"ကျွန်တော်တို့ ရမှတ်တချို့ရရှိဖို့အတွက် လုံလောက်တဲ့အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမဲ့ ဂိုးမသွင်းနိုင်ခဲ့ပါဘူး"
"လက်ရှိအခြေအနေက ဒီလိုမျိုး ဖြစ်နေပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ တစ်ခုခုနဲ့ ထိုက်တန်အောင် အစွမ်းကုန်ကြိုးစားခဲ့ကြတယ်လို့ ထင်ပေမဲ့ လက်ရှိအခိုက်အတန့်မှာတော့ ရှေ့ဆက်သွားဖို့နဲ့ ပွဲတွေကို အနိုင်ရအောင် ကြိုးစားဖို့ပဲ လိုပါတယ်"
"တစ်ခါတလေကျရင် ဒီလိုမျိုး ဖြစ်တတ်ပြီး ကံမကောင်းစွာနဲ့ဘဲ ကျွန်တော်တို့ရဲ့ ကစားသမားတွေဆီမှာ အဲဒီလို ဖြစ်နေပါတယ်။ ဒါပေမဲ့ တခါတလေ ဒီလိုဖြစ်တတ်တယ်ဆိုတာ ဘောလုံးရဲ့သဘောသဘာ၀တစ်ခုပါပဲ"
"နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲ၊ သုံးပွဲလောက်မှာ ကျွန်တော်တို့ရဲ့အခုလိုမျိုးအမှားတွေ မကြာခဏ ဖြစ်ပေါ်ခဲ့ပုံ ရပါတယ်။ ကျွန်တော်တို့ ဘာတွေပိုကောင်းအောင် လုပ်နိုင်မလဲဆိုတာ သုံးသပ်နားလည်ဖို့နဲ့ ရှေ့ဆက်နိုင်ဖို့ပဲ လိုအပ်ပါတယ်"
"လက်ရှိအချိန်မှာ ကျွန်တော်တို့အတွက် ရှောင်လွှဲလို့ရနိုင်တဲ့ ရယ်ရွှင်စရာပေးဂိုးတွေကို ခွင့်ပြုပေးနေရပုံရပြီး နောက်ပွဲစဉ်မှာတော့ ဒါတွေကို ရှောင်လွှဲနိုင်မယ်လို့ မျှော်လင့်ပါတယ်"
"ကျွန်တော်တို့ မပျော်ရွှင်ကြဘူးဆိုတာတော့ သေချာပါတယ်" လို့ ပြောဆိုပါတယ်။
ဆက်လက်ပြီး သူက "ကစားသမားတွေနဲ့ ကျွန်တော်၊ နည်းပြအဖွဲ့နဲ့ ကလပ်အသင်း အားလုံးပါပဲ။ ပွဲစဉ်တွေရှုံးနိမ့်ချိန် ဘယ်သူမှမပျော်ကြဘူးဆိုတာ သေချာပေမဲ့ ပွဲတိုင်းကို အနိုင်ရဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့ သဘောပေါက်ထားကြပါတယ်။ ဒီလိုအခိုက်အတန့်မျိုးတွေ ရောက်လာတတ်ပါတယ်"
"ကျွန်တော်တို့အတွက် အရာအားလုံးကို ပိုကောင်းအောင် လုပ်ဆောင်ဖို့၊ ရှေ့ဆက်သွားဖို့နဲ့ တတ်နိုင်သမျှ အမြန်ဆုံး နိုင်ပွဲတွေပြန်ရရှိအောင် ကြိုးစားဖို့ပဲ ကျန်ပါတော့တယ်" လို့ ဆိုပါတယ်။