The network connection is lost.

Banner Image

အပြောင်းအရွှေ့ဂယက်တွေအကြား အီဆက်ခ်ရဲ့တုံ့ပြန်ပုံ မှားယွင်းနေတယ်လို့ သတိပေးလိုက်တဲ့ အက်ဒီဟိုဝီ

လီဗာပူးဆီပြောင်းရွှေ့ဖို့ အီဆက်ခ်ရဲ့ကြိုးပမ်းမှုတွေရှိနေချိန်မှာပဲ နယူးကာဆယ်ကစားသမားတွေကိုယ်တိုင် ညံ့ဖျင်းတဲ့တုံ့ပြန်ပုံမျိုးမဖြစ်လာစေဖို့ မျှော်လင့်ထားတယ်လို့ နည်းပြအက်ဒီဟိုဝီက ပြောကြားခဲ့ပါတယ်။ အီဆက်ခ်က လီဗာပူးဆီပြောင်းရွှေ့ဖို့ကြိုးစားရင်း အသင်းပြောင်းရွှေ့နိုင်ရေးခွင့်ပြုပေးရန် တောင်းဆိုခဲ့မှုနဲ့အတူ နယူးကာဆယ်ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ ဒီနောက်မှာတော့ ဆွီဒင်သားက ငှက်ကျားတွေရဲ့ အာရှရာသီကြိုခရီးစဉ်ဆီ မပူးပေါင်းဘဲ အသင်းဟောင်းဆိုစီဒက်မှာသာ လေ့ကျင့်ခန်းဆင်းနေခဲ့ပါတယ်။ လတ်တလောမှာ လီဗာပူးဆီ အီဆက်ခ်ရောက်ရှိနိုင်ဖို့ အနည်းငယ်ဝေးကွာနေသေးလို့ နည်းပြအက်ဒီဟိုဝီက တိုက်စစ်မှူးအတွက် သတိပေးချက်တစ်ခု ထုတ်ပြန်လာခဲ့ပါတယ်။

ဟိုဝီက “ ကျွန်တော်တို့အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းပေးရပါလိမ့်မယ်။ ကျွန်တော်တို့က နယူးကာဆယ်ယူနိုက်တက် ဖြစ်ပါတယ်။ ကစားသမားတွေမှာလည်း ဒီအသင်းရဲ့တစိတ်တပိုင်းဖြစ်နေဖို့ တာဝန်အပြည့်ရှိပါတယ်။ ဒါကသာ မှန်ကန်တဲ့နည်းလမ်းပါ။ ဒီအသင်းအတွက်လည်း ကစားပေးရပါမယ်။ အသင်းနဲ့အတူ ကစားသမားတိုင်း လေ့ကျင့်ခန်းဆင်းနိုင်အောင် ကျွန်တော်တို့ လုပ်သွားရပါမယ်။ ဘယ်ကစာသမားဆီကမှ ညံ့ဖျင်းတဲ့တုံ့ပြန်ပုံမျိုးရှိလာစေဖို့ မမျှော်လင့်ထားဘဲ အသင်းနဲ့အတူ ပုံမှန်အတိုင်း လေ့ကျင့်သွားရပါမယ်။ အမှန်ပါပဲ၊ အီဆက်ခ်ကို ဒီနေရာမှာ ရှိနေစေချင်ပါတယ်။ ဒါပေမဲ့ အခုတော့ အသင်းနဲ့အတူ သူရှိလာဦးမလားဆိုတာ ကျွန်တော်လည်း မသိသေးပါဘူး။ ပွဲစဉ်တွေအတွက်၊ လေ့ကျင့်ရေးအတွက် ပြင်ဆင်ရင်း အချိန်ကာလကွာခြားမှုတွေနဲ့အတူ ဒီနေရာမှာ ကျွန်တော်တို့တွေ ရှိခဲ့ပြီးပါပြီ။ အခြားသူတွေကတော့ အခုလိုအခြေအနေမျိုးတွေကို မိခင်ကလပ်အသင်းဆီမှာပဲ ဖြေရှင်းခဲ့ကြပါတယ်” လို့ Daily Mail နဲ့တွေ့ဆုံချိန် ပြောကြားခဲ့ပါတယ်။

Daily Mail ရဲ့အဆိုအရ နယူးကာဆယ်က စိတ်တိုင်းကျသတ်မှတ်ချက်ပြည့်မီမှသာ အီဆက်ခ်ကို ရောင်းချသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ ငှက်ကျားတွေက ကစားသမားအတွက် အစားထိုးနိုင်မယ့်သူ အသင့်ရှိနေချိန် ပေါင်သန်း ၁၅၀ တန်ကမ်းလှမ်းမှုတစ်ခုရှိလာရင် လက်ခံပေးသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ အီဆက်ခ်ရဲ့အပြုအမူတွေက နယူးကာဆယ်ပရိသတ်တွေ လက်ခံပေးနိုင်မယ့်ပုံစံမျိုး မဖြစ်လာသေးပါဘူး။

ပေါင်ဒဏ်ရာကြောင့် နယူးကာဆယ်ရဲ့အာရှရာသီကြိုခရီးစဉ်မှာ မပါဝင်ခဲ့တဲ့ အီဆက်ခ်က တိုင်နေးဆိုဒ်ဒေသဆီ ပြန်လည်ရောက်ရှိလာပေမယ့် ဟိုဝီကတော့ ဆွီဒင်လက်ရွေးစင်နဲ့စကားပြောဆိုဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။အပြောင်းအရွှေ့သတင်းတွေလည်း တောက်လျှောက်ထွက်ပေါ်နေလို့ အီဆက်ခ်ကို နယူးကာဆယ်လူစာရင်းမှာ ဆက်လက်မြင်တွေ့ရဦးမလားဆိုတာ စောင့်ကြည့်သွားဖို့ပဲ ကျန်ပါတော့တယ်။