The network connection is lost.

Banner Image

နယူးကာဆယ်ကစားသမားတွေ ကိုယ့်ကိုယ်ကိုယ်ပြန်သုံးသပ်သင့်ပြီလို့ အက်ဒီဟိုဝီ သတိပေး

ဆန်းဒါးလန်းကို ရှုံးနိမ့်ခဲ့တာဟာ နာကျင်စရာကောင်းပြီး နယူးကာဆယ်အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ဖို့ လိုအပ်နေပြီလို့ နည်းပြဖြစ်သူ အက်ဒီဟိုဝီက ဝန်ခံပြောကြားလိုက်ပါတယ်။ နယူးကာဆယ်အသင်းဟာ အိမ်ကွင်းမှာ ဆန်းဒါးလန်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး ပွဲပြီးခါနီး မိနစ် ၉၀ မှာ ဘရိုင်ယန် ဘရော်ဘီက ဆန်းဒါးလန်းအတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တာကြောင့် ဒီရာသီ နှစ်ကျော့စလုံး ရှုံးနိမ့်ခဲ့ရတာပါ။

ပွဲအပြီးမှာ အက်ဒီဟိုဝီက "ကျွန်တော်တို့အတွက် နာကျင်စရာကောင်းပြီး ခက်ခဲတဲ့ ညနေခင်းတစ်ခုပါပဲ။ အစပိုင်းမှာ အခြေအနေကောင်းခဲ့ပြီး ဂိုးရသွားတဲ့အချိန်မှာ ပွဲကို ဆက်လက်စိုးမိုးထားနိုင်မယ်လို့ ထင်ခဲ့ပေမဲ့ ရလာတဲ့ အရှိန်အဟုန်ကို အကျိုးရှိရှိ အသုံးမချနိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ အရှိန်လျော့သွားခဲ့ပြီး ဒုတိယပိုင်းမှာတော့ ပြိုင်ဘက်ရဲ့ နောက်မှာပဲ ရှိနေခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကစားပုံကို သဘောမကျပါဘူး၊ နည်းစနစ်ပိုင်းအရလည်း အားနည်းခဲ့ပါတယ်။ ဒီရှုံးနိမ့်မှုက ကျွန်တော်တို့အတွက် ခါးသီးလွန်းပေမဲ့ တကယ်တမ်းလည်း အကောင်းဆုံး မကစားနိုင်ခဲ့တာ အမှန်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

ပွဲစဉ်တွေ ဆက်တိုက်ကစားနေရတာကြောင့်လားလို့ မေးမြန်းရာမှာတော့ "ဒါကို ဆင်ခြေတစ်ခုအနေနဲ့တော့ မပြောချင်ပါဘူး။ ယုတ္တိဗေဒအရ ကြည့်ရင်တော့ ပွဲပန်းတာက အကြောင်းရင်းတစ်ခု ဖြစ်နိုင်ပေမဲ့ ကျွန်တော်တို့ ဒီထက် ပိုကောင်းအောင် လုပ်ရမှာပါ။ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး ဒီနေ့လုပ်ခဲ့တဲ့ အမှားတွေဆီကနေ သင်ခန်းစာယူနိုင်ဖို့ ကြိုးစားရပါမယ်၊ ဒါက အခုမှ ဖြစ်ဖူးတာတော့ မဟုတ်ပါဘူး။ ရှေ့မှာ ကစားရမယ့် ပွဲကြီးတွေ အများကြီး ရှိနေပါသေးတယ်။ တစ်ပတ်ပြီးတစ်ပတ် လေ့ကျင့်ခန်းတွေ ပြန်ဆင်းပြီး လူတွေ ပြန်လည်လန်းဆန်းလာအောင် လုပ်သွားမှာပါ။ သင်ခန်းစာတွေ အများကြီး ယူခဲ့ရသလို ပြန်လည်တုံ့ပြန်နိုင်ဖို့အတွက်လည်း စိတ်ဓာတ်ခိုင်မာဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဘယ်တော့မှ လက်လျှော့မှာ မဟုတ်ဘဲ အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးစားသွားမှာပါ" လို့ ဆက်လက် ပြောဆိုခဲ့ပါတယ်။

မာလစ်သီယောရဲ့ ပယ်ဖျက်ခံလိုက်ရတဲ့ ဂိုးနဲ့ ပတ်သက်ပြီးတော့လည်း နည်းပြဖြစ်သူက "ဒါဟာ ပွဲရဲ့ အရှိန်အဟုန်ကို အကြီးအကျယ် ပြောင်းလဲသွားစေနိုင်တဲ့ အရာပါ။ ဒုတိယဂိုး ထပ်ရဖို့ ကြိုးစားခဲ့ပေမဲ့ မရခဲ့ပါဘူး၊ အဲ့ဒီနောက်မှာ ဆန်းဒါးလန်းက ပွဲကို ပြန်စိုးမိုးလာတာပါ။ ကျွန်တော်တို့ အသက်နဲ့လဲပြီး ကာကွယ်ဖို့ လိုအပ်ခဲ့သလို အခုထက် ပိုကောင်းအောင်လည်း ကာကွယ်နိုင်ခဲ့သင့်တာပါ" လို့ ဖြည့်စွက်ပြောကြားသွားခဲ့ပါတယ်။