The network connection is lost.

Banner Image

ယူနိုက်တက်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲမျိုး စပို့တင်းလစ္စဘွန်းမှာလည်း ကြုံတွေ့ခဲ့ဖူးကြောင်း ပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ပြီးခဲ့တဲ့ စနေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၃ နဲ့အရေးနိမ့်ပြီးနောက် အခုလို ရုန်းကန်နေရတဲ့ အခြေအနေမျိုးကို အသင်းဟောင်း စပို့တင်းလစ္စဘွန်းမှာလည်း ကြုံတွေ့ခဲ့ရဖူးကြောင်း ပြောကြားလာခဲ့ပြီး စိတ်ရှည်ရှည်ထားကြဖို့ ပရိသတ်တွေကို တောင်းဆိုလိုက်ပါတယ်။ 

အဆိုပါပွဲစဉ်မှာ ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ဟာ ၃၈ နှစ်အတွင်း ကလပ်သမိုင်းတစ်လျှောက် အဆိုးဝါးဆုံးမှတ်တမ်းတွေပိုင်ဆိုင်ခဲ့ပြီး ဒီရာသီ ပရီးမီးယားလိဂ်မှာ ၆ ပွဲအထိ ရှုံးပွဲကြုံတွေ့ထားရပြီဖြစ်ပါတယ်။ ဒါ့အပြင် ယူနိုက်တက်ဟာ နည်းပြအာမိုရင်လက်ထက် ပရီးမီးယားလိဂ် ၂ ပွဲဆက်အရှုံးနဲ့ ကြုံတွေ့ခဲ့ရလည်းဖြစ်ပါတယ်။ 

အာမိုရင်ဟာ စပို့တင်းလစ္စဘွန်းကို ၂၀၂၀ ခုနှစ်မှာ စတင်ကိုင်တွယ်စဉ်ကလည်း အတော်လေးရုန်းကန်ခဲ့ရပေမယ့် ရာသီကုန်မှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ရာသီတွေမှာတော့ ပေါ်တူဂီသားဟာ စပို့တင်းလစ္စဘွန်းအတွက် ပြည်တွင်းဖလား ၄ လုံးအထိရရှိအောင် ဆက်လက်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

အာမိုရင်က “အခက်အခဲတွေကြုံတွေ့ရမယ်ဆိုတာ ကျွန်တော်သိထားပြီးသားပါ။ ဒီအသင်းနဲ့အတူ ခရီးရှည်ကြီးလျှောက်ရမှာဖြစ်ပေမယ့် အနိုင်ရဖို့လည်း လိုအပ်ပါသေးတယ်။ တစ်ပွဲလောက်ရှုံးတာနဲ့ အသင်းမှာရှိတဲ့ လူတိုင်းအတွက် ခက်ခဲစေပါတယ်။ ပထမဆုံးဂိုး ခွင့်ပြုလိုက်ရပြီးကတည်းက ခက်ခဲတော့မယ်ဆိုတာ ခံစားမိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ တူညီတဲ့ပုံစံနဲ့ပဲ ရှေ့ဆက်သွားဦးမှာပါ။ အဲဗာတန်ကို ၄-၀ နဲ့နိုင်ခဲ့တဲ့ ပွဲစဉ်ကအတိုင်းပဲ ကျွန်တော်ပြောနေဦးမှာပါ။ မနက်ဖြန် လေ့ကျင့်ရေးအစီအစဉ်မှာတော့ တိုးတက်မှုတွေရှိလာဖို့ ကြိုးစားသွားပါမယ်”

“စပို့တင်းကို စရောက်တုန်းက ဒီထက်ခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံတွေ့ခဲ့ရဖူးပါတယ်။ ကျွန်တော့်အတွက်တော့ ဒီအခြေအနေက တူညီပေမယ့် တစ်ကမ္ဘာလုံးအတွက်တော့ ခြားနားနေမှာပါ။ စပို့တင်းကို ပေါ်တူဂီမှာရှိတယ်လို့သာ သိထားကြပေမယ့် ယူနိုက်တက်ကတော့ ပရိသတ်အာရုံစိုက်ခံရတာ အများဆုံးအသင်းပါ။ကျွန်တော်တို့ အချိန်လိုအပ်ပါတယ်။ ပြီးတော့ နေ့တိုင်း လေ့ကျင့်ရေးအစီအစဉ်မှာ ထပ်တလဲလဲလေ့ကျင့်ဖို့လည်း လိုအပ်နေပါတယ်” လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့် ကြာသပတေးနေ့မှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ပွဲစဉ်အဖြစ် ဗစ်တိုးရီးယားပယ်ဇင်ကို အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ မြို့ခံပြိုင်ဘက် မန်စီးတီးနဲ့ မန်ချက်စတာဒါဘီပွဲစဉ် ကစားသွားရပါမယ်။