ပီအက်စ်ဂျီကနေ ထွက်ခွာချင်နေတဲ့ မက်ပီဟာ လီဗာပူးကို ပြောင်းရွေ့လာနိုင်မလား
မက်ပီဟာ ပီအက်စ်ဂျီအသင်းနဲ့ ဆက်ဆံရေး ပျက်စီပြီး လာမယ့် ဇန်နဝါရီမှာပဲ အသင်းကနေ ထွက်ခွာချင်နေတယ်လို့ သတင်းတွေမှာ ဖော်ပြလားပြီး ပီအက်စ်ဂျီအသင်းဟာ ကစားသမားကို ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွေ့ခွင့် ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
စပိန်သတင်းဌာန Marca ရဲ့ အဆိုအရ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွေ့မှာ မက်ပီဟာ ပီအက်စ်ဂျီ အသင်းကနေ ရီးရဲလ်မက်ဒရစ် အသင်းကို ပြောင်းရွေ့ဖို့နီးစပ်ခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်းဟာမက်ပီအနေနဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းမတိုးခင် ပြောင်းရွေ့ကြေး ပေါင် ၁၅၄ သန်း နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမယ့် Marca ရဲ့ အဆိုအရ ပီအက်စ်ဂျီအသင်းဟာ တကယ်လို့ မက်ပီဟာ အသင်းကထွက်ခွာမယ်ဆိုရင် ရီးရဲလ်မက်ဒရစ်အသင်းထံ ပြောင်းရွေ့ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပြီး ကစားသမားအနေနဲ့ လီဗာပူးတစ်သင်းသာ ရှိတယ်လို့ သိရပါတယ်။
ပေါက်ကြားလာတဲ့ သတင်း အချက်အလက်တွေအရ ပီအက်စ်ဂျီအသင်းသာ မက်ပီကို အသင်းကထွက်ခွာခွင့် ပြုဖို့ဆိုရင် အချို့ သဘောတူညီချက်ထည့်သွင်းပြီး ခွင့်ပြုသွားမယ်လို့ သိရပါတယ်။ ထိုအချက်တွေထဲမှာ ဘာစီလိုနာအသင်းကို မပြောင်းရွေ့ရဘူးဆိုတဲ့ အချက်လည်း ပါဝင်လာနိုင်ပါတယ်။
လီဗာပူးနည်းပြ ကလော့ကတော့ ကမ္ဘာ့အကောင်းဆုံး ကစားသမားတစ်ယောက် ဖြစ်တဲ့ မက်ပီကို ခေါ်ယူဖို့ စိတ်ဝင်စားတယ်လို့ဆိုထားပြီး ကစားသမားရဲ့ ပြောင်းရွေ့ကြေးကတော့ လီဗာပူးအတွက် အခက်အခဲ ဖြစ်လာနိုင်ပါတယ်။
လီဗာပူးအသင်းဟာ ဘာပေကို လွန်ခဲ့သော နှစ်တွေထဲက ခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပြီး ကစားသမားကလည်း ပရီးမီးယားလိဂ်ကို လာရောက် ကစားချင်နေပါတယ်။
ပြင်သစ်သားဟာ နွေရာသီကမှ အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီး တစ်ပတ်လုပ်ခ ပေါင် ၆၅၀၀၀၀ အထိ ရရှိထားပါတယ်။ ဒါပေမယ့် မျက်စိကျလောက်စရာ များပြားလွန်းတဲ့ ငွေကြေးက မက်ပီရဲ့ အနာဂတ်ကို သေချာအောင် မထိန်းထားနိုင်ပါဘူး။ မက်ပီဟာ ရာသီအစမှာ ပီအက်စ်ဂျီ အသင်းမှာ ပျော်ရွှင်မှု မရှိပဲ နည်းပြသစ် ဂယ်တီယာရဲ့ နည်းစနစ်တွေနဲ့ အသားမကျသလို အသင်းဖော် နေမာနဲ့လည်း အဆင်မပြေမှုတွေ ကြုံတွေ့နေရပါတယ်။
ဒါပေမယ့်လည်း ချန်ပီယံလိဂ်ပွဲစဉ် ဘင်ဖီကာ အသင်းနဲ့ သရေ ရလဒ်ထွက်ပေါ်ခဲ့ပြီးနောက်မှာဝောာ့ပီအက်စ်ဂျီ အသင်းအားကစား အကြံပေး လူးဝစ်ကမ်ပို့စ်ကတော့ မက်ပီဟာ အသင်းက ထွက်ခွာဖို့ မရှိပါဘူးလို့ ပြောကြားလိုက်ပါတယ်။
"ဒီသတင်းတွေကြားရတာ တကယ်အံ့ဩမိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က နေ့တိုင်း ဘာပေနဲ့ အချိန်အတူတူ ကုန်ဆုံးလေ့ရှိတာမို့ပါ။ သူ ကျွန်တော့်ကိုရော အသင်းဥက္ကဌကိုရော ဇန်နဝါရီမှာ အသင်းကထွက်ချင်တယ်လို့ မပြောဖူးပါဘူး။ ဒါက ရှင်းပါတယ်။ ဘင်ဖီကာနဲ့ မတိုင်မီထွက်လာတဲ့ သတင်းကို ရှင်းလင်းချက်မဟုတ်ပါဘူး။ "
လို့ ကမ်ပိုစ့်က ဆိုပါတယ်။
ပြင်သစ်သတင်း Le Parisien ကတော့ ဘာပေဟာ အသင်းရဲ့ တာဝန်ရှိက သူ့အပေါ် သစ္စာဖောက်တယ်လို့ ခံစားနေရပါတယ်လို့ ဖော်ပြပါတယ်။ အသင်းဟာ စာချုပ်သစ်ချုပ်ဆိုစဉ်က ထည့်သွင်းခဲ့တဲ့ သဘောတူညီမှုတွေကို ဖြည့်ဆည်းမပေးထားဘူးလို့ သိရပါတယ်။ ထိုသတင်းဌာနအဆိုအရ အားကစားအကြံပေးဖြစ်သူ ကမ်ပို့စ်ကိုယ်တိုင် ပီအက်စ်ဂျီ အသင်းက ထွက်ခွာချင်နေတယ်လို့ ဆိုထားပါတယ်။
"ကျွန်တော့်အတွက်တော့ အသင်းမှာ ၃ နှစ် စာချုပ်သက်တမ်းရှိနေပါသေးတယ်။ ကျွန်တော်ဒီမှာ ရှိနေရတာ အရမ်းပျော်ရွှင်နေပါတယ်။ ဒီမှာနေ့တိုင်ူအလုပ်လုပ်ပြီး ဒီမှာ ကျွန်တော့်ရည်မှန်းချက်တွေကို စာချုပ်သက်တမ်းကုန်ဆုံးတဲ့ အထိ အလုပ်လုပ်သွားပါမယ်။ "
လို့ ကမ်ပို့စ်က ဆိုထားပါတယ်။
မက်ပီဟာ နည်းပြ ဂယ်တီယာရဲ့ တိုက်စစ် စနစ်ကိုလည်း စိတ်ပျက်နေပါတယ်။ ထို့အတူ သူဟာ ပြင်သစ်အသင်းမှာ တိုက်စစ်မှူး ဂျီရော့နဲ့ အတူ နှစ်ယောက်တွဲတိုက်စစ် ကစားရတဲ့ ပုံစံမျိုးကို ပိုမိုနှစ်သက်တယ်လို့လဲ ပြောထားပါတယ်။
ပြီးခဲ့တဲ့ အပတ်က ရိန်းအသင်းနဲ့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ပွဲမှာလည်း မက်ပီဟာ အင်စတာဂရမ်မှာ နည်းပြ ဂယ်တီယာရဲ့ ကစားကွက်ကို ဝေဖန်တဲ့အနေနဲ့ "pivotgang" ဆိုတဲ့ စာသားနဲ့ရေးသားခဲ့ပါတယ်။ ဂယ်တီယာကလည်း
"ရာသီအစမှာကထဲက ကျွန်တော် မက်ပီနဲ့ စကားတွေ အများကြီး ပြောဖြစ်ပါတယ်။ သူ့ရဲ့ မှတ်ချက်တွေကိုလည်း ကျွန်တော် အလေးထားပါတယ်။ ပြင်သစ်အသင်းနဲ့ သူကစားတဲ့အခါမှာ သူ့ရဲ့ တိုက်စစ်ကစားပုံဟာ ပိုပြီးတော့မှကောင်းပါတယ်။ "
"ရာသီကြိုကာလမှာ ကမ်ပို့်စ်နဲ့ အသင်းဥက္ကဌ အယ်ခီလိုင်ဖီတို့နဲ့ စကားပြောတဲ့အခါမှ လေးယောက်မြောက်တိုက်စစ် ကစားသမားကို လိုချင်တယ်လို့ ပြောခဲ့ပါတယ်။ ဒါဆိုရင် မက်ပီအနေနဲ့ သူကစားတဲ့ တိုက်စစ်ဧရိယာမှာ စိတ်တိုင်းကျ ကစားနိုင်မှာပါ။ သူက တခါတလေ အလယ်ဝင်ပြီး ကစားတတ်ပါတယ်။ သူက Pivot ကစားရတာ သဘောကျတဲ့ သူပါ။ ဒါပေမယ့်သူက အသင်းရဲ့ ကစားကွက်နဲ့ လိုက်အောင် ပြောင်းလဲ ကစားပေးနိုင်သူပါ။ "
လို့ ဂယ်တီယာက ဆိုပါတယ်။
မက်ပီဟာ အသင်းဖော် နေမာနဲ့လည်း တင်းမာမှုတွေ ရှိနေပြီး သူတို့ ၂ ဦး အဆင်မပြေမှုဟာ မောင့်ပလီယာ အသင်းကို ၅-၂ နဲ့ နိုင်ခဲ့တဲ့ ပွဲစဉ်မှာ ပင်နယ်တီ ကန်ခွင့် မရတာနဲ့ ပတ်သက်လို့ စတင်ခဲ့ပါတယ်။
ပထမအကြိမ်ပင်နယ်တီလွဲချော်မှုကြောင့် နေမာဟာ ပင်နယ်တီ ဒုတိယအကြိမ်ရရှိခဲ့ရာမှာ ဘာပေကို မပေးပဲ ကိုယ်တိုင် ကန်သွင်းယူခဲ့ပါတယ်။
နေမာရဲ့ သွင်းဂိုးက ဝင်ခဲ့ပြီး ဘာပေက အတူတူ အောင်ပွဲခံခဲ့ခြင်း မရှိပါဘူး ။ ထို့အတူ နေမာဟာလည်း မက်ပီကို ဝေဖန်တဲ့ မှတ်ချက်ကို like ပေးခဲ့ပါတယ်။
ထို့နောက် ချန်ပီယံလိဂ်မှာ ဂျူဗင်တပ်အသင်းနဲ့ ပွဲစဉ်မှာ မက်ပီဟာ ဂိုးရရှိဖို့ အတွက် နေမာကို အပိုင်အခွင့်အရေး ဘောလုံး မပေးခဲ့ပဲ သူကိုယ်တိုင်ကန်သွင်းခဲ့ပေမယ့် မဂိုးခဲ့ပါဘူး။
စက်တင်ဘာမှာတော့ မက်ပီရဲ့ အသင်းနဲ့ စာချုပ်သစ်ဟာ ၂၀၂၄ ခုနှစ်အထိဖြစ်တယ်လို့ ထွက်ပေါ်လာခဲ့ပါတယ်။ ကနဦးက ၂၀၂၅ ခုနှစ်အထိလို့ သိထားရတာပါ။
အသင်းနဲ့ စာချုပ်ချုပ်ဆိုစဉ်မှာလည်း အသင်းရဲ့ အင်္ကျီမှာ ၂၀၂၅ ဆိုပြီး အသင်းဥက္ကဌနဲ့ အတူတူဓာတ်ပုံတွဲရိုက်ခဲ့တာပါ။ L'Equipe သတင်းအရ တကယ်တမ်းစာချုပ်က ၂ နှစ်သာ ချုပ်ဆိုပြီး ၁ နှစ် သက်တမ်းတိုးဖို့က ကစားသမား ဆုံးဖြတ်ခွင့်ရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် ယခုရာသီကုန်လျှင် မက်ပီရဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံး ၁၂ လအတွင်း ရောက်ရှိမှာဖြစ်လို့ ပီအက်စ်ဂျီ အသင်းအနေနဲ့ ကစားသမားကို စာချုပ်သက်တမ်းတိုးဖို့ သို့မဟုတ် ရောင်းချသွားဖို့ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။