လီဗာပူးကို ဒီထက်ပိုပြီး ဂိုးပြတ်နိုင်ခဲ့သင့်တယ်လို့ ပီအက်စ်ဂျီကြယ်ပွင့် ခဗာရက်စ်ခီလီယာ ပြောကြား
ပီအက်စ်ဂျီအသင်းရဲ့ ကြယ်ပွင့်ကစားသမား ခဗာရက်စ်ခီလီယာက ချန်ပီယံလိဂ်ပွဲစဉ်မှာ လီဗာပူးကို အနိုင်ရရှိခဲ့ပေမဲ့ အနည်းငယ် အားမလိုအားမရ ဖြစ်မိကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ခဗာရက်စ်ခီလီယာက တစ်ဂိုးသွင်းယူပေးခဲ့ပြီး အကောင်းဆုံးကစားသမားဆု (Man of the Match) ကိုလည်း ရရှိခဲ့ပါတယ်။ ပွဲက ၂ ဂိုး ၀ ဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပေမဲ့ အိမ်ရှင်အသင်းအနေနဲ့ ဒီထက်ပိုပြီး ဂိုးတွေသွင်းယူနိုင်ခဲ့သင့်တယ်လို့ သူက ယူဆနေပါတယ်။
ဂျော်ဂျီယာလက်ရွေးစင်ကစားသမားက ပွဲအပြီးမှာ “ကျွန်တော်တို့မှာ ဂိုးတွေ ဒီထက်ပိုသွင်းနိုင်ဖို့ အခွင့်အရေးတွေ အများကြီးရှိခဲ့တယ်လို့ ထင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ ဂိုးတွေ ပိုသွင်းနိုင်ခဲ့သင့်တာပါ” လို့ ပြောပါတယ်။
“ဒါပေမဲ့ ရလဒ်ကတော့ ကောင်းပါတယ်။ ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ခဲ့ကြတယ်။ အခု အန်ဖီးလ်ကွင်းမှာ သွားကစားရတော့မယ်၊ အဲဒီကွင်းရဲ့ ပရိသတ်အားပေးမှု အငွေ့အသက်တွေကလည်း တကယ့်ကို အံ့ဩဖို့ကောင်းမှာပါ။ ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီ၊ ဒုတိယအကျော့ပွဲစဉ်အတွက် ဒီနေ့ကစပြီး ပြင်ဆင်သွားမှာပါ” လို့ ၎င်းက ဆက်ပြောပါတယ်။
ဒါ့အပြင် ခဗာရက်စ်ခီလီယာက လီဗာပူးအသင်းရဲ့ ဂိုးသမားဖြစ်သူ သူ့ရဲ့နိုင်ငံဖော် ဂီယာဂီ မာမာဒတ်ရှ်ဗီလီ အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။
“ပထမပိုင်းမှာ သူက မယုံနိုင်လောက်စရာ ကာကွယ်မှုမျိုး လုပ်ပြခဲ့ပါတယ်။ ကျွန်တော်တို့က သူငယ်ချင်းအရင်းခေါက်ခေါက်တွေပါ၊ သူ့အတွက် အကောင်းဆုံးဖြစ်ပါစေလို့လည်း ဆုတောင်းပေးပါတယ်” လို့ နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။