The network connection is lost.

Banner Image

ပေါ်တူဂီနဲ့ပွဲစဉ်မှာ သတ်မှတ်ဗျူဟာအတိုင်း အကောင်းအထည်ဖော်နိုင်ခဲ့တဲ့ ဒီအာကွန်ဂိုအသင်းကို ဒီဆာဘရီချီးကျူး

ဒီအာကွန်ဂိုအသင်းနည်းပြဒီဆာဘရီက ဗုဒ္ဓဟူးနေ့၊ ဟူစတန်အားကစားကွင်းမှာကစားခဲ့တဲ့ ဖီဖာကမ္ဘာ့ဖလားပွဲစဉ်အတွင်း ပေါ်တူဂီအသင်းအတွက် ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပေမဲ့ ညွှန်ကြားချက်တွေအတိုင်း ကစားကာ တစ်ဖက်တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်အောင် ကြိုးပမ်းခဲ့တဲ့ သူ့ရဲ့ကစားသမားတွေကို ချီးကျူးခဲ့ပါတယ်။

စီရော်နယ်ဒိုဦးဆောင်တဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ခဲ့ရပေမဲ့လည်း ကမ္ဘာ့စင်မြင့်ထက်ဆီ ၁၉၇၄ ခုနှစ်နောက်ပိုင်း ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာခဲ့တဲ့ ဒီအာကွန်ဂိုအသင်းက ပွဲဦးထွက်မှာတင် အဖိုးတန်သရေတစ်မှတ်ကို ရှာဖွေနိုင်ခဲ့ပါတယ်။

အခုပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာပဲ ပေါ်တူဂီအတွက် ဂျော်အိုနီဗက်စ်က ဦးဆောင်ဂိုးသွင်းယူခဲ့ပေမဲ့ ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ဒီအာကွန်ဂိုက တိုက်စစ်မှူးဝစ်ဆာရဲ့သွင်းဂိုးနဲ့အတူ ချေပဂိုးပြန်လည်ရရှိခဲ့ပါတယ်။ နောက်ပိုင်းပွဲချိန်တွေမှာ ပေါ်တူဂီက ပြိုင်ဘက်ကို ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ အနိုင်ဂိုးမရှာဖွေနိုင်ဘဲ သရေတစ်မှတ်နဲ့ပဲ ကျေနပ်လိုက်ရပါတယ်။

ပွဲစဉ်အပြီး ဒီဆာဘရီက "ကစားသမားတွေကိုယ်တိုင် အံ့ဩစရာကောင်းလောက်အောင် ကိုယ်ကျိုးမငဲ့ပေးဆပ်ကစားခဲ့ကြပါတယ်"

"ကျွန်တော်တို့ လိုလားတဲ့ကစားကွက်အတိုင်း တိတိကျကျ အကောင်အထည်ဖော်နိုင်ခဲ့သလို အလွတ်တည်ကန်ဘောမှတဆင့်လည်း ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ရိုးရိုးသားသားပြောရရင် ကျွန်တော့်ရဲ့ ကစားသမားတွေက ကွန်ဂိုနိုင်ငံကို အကောင်းဆုံးကိုယ်စားပြုကစားပေးခဲ့ကြလို့ သူတို့အတွက် တကယ်ပဲ ဂုဏ်ယူမိပြီး တစ်နိုင်ငံလုံးလည်း ဒီရလဒ်နဲ့ ထိုက်တန်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ချေပဂိုးရှင်ဝစ်ဆာကလည်း "ကျွန်တော်တို့ အပြင်းအထန်ကြိုးစားခဲ့ကြလို့ ဒီနေ့ (ဗုဒ္ဓဟူးနေ့) မှာ တကယ်ပဲ ဂုဏ်ယူမိပါတယ်။ ကျွန်တော်တို့ထက် အင်အားတောင့်တင်းတဲ့ပြိုင်ဘက်အသင်းတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရလို့ တကယ်ကို ခက်ခဲတဲ့ ပွဲစဉ်တစ်ခုဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

"ဒါပေမဲ့ ကျွန်တော်တို့ ရဲရဲဝံ့ဝံ့နဲ့ ကြံ့ကြံ့ခံကစားနိုင်ခဲ့ကြပါတယ်။ ပထမဆုံးဂိုးကို ရယူနိုင်ခဲ့တယ်ဆိုတာ တကယ့်ကို ဂုဏ်ယူစရာဖြစ်ပြီး ဒါဟာ ဒီအသင်းရဲ့ စိတ်ဓာတ်ပိုင်းကို ပြသလိုက်တာပါပဲ။ အရေးကြီးဆုံးအချက်ကတော့ ဆက်ကြိုးစားသွားဖို့ပါပဲ" လို့ ဆိုပါတယ်။