The network connection is lost.

Banner Image

အမ်ဘာပေဟာ အသားအရောင်ကြောင့် ပြင်သစ်အသင်းမှာ ထိုက်တန်တဲ့အသိအမှတ်ပြုမှုနဲ့ ဝေးကွာနေတယ်လို့ အီတူး ပြော

အမ်ဘာပေဟာ သူ့ရဲ့ အသားအရောင်ကြောင့် ပြင်သစ်အသင်းမှာ ထိုက်တန်သလောက် အသိအမှတ်မပြုခံရဘဲ ဖြစ်နေနိုင်တယ်လို့ ယုံကြည်ကြောင်း ဆင်မြူရယ် အီတူးက ဖွင့်ဟပြောကြားလိုက်ပါတယ်။

ပြင်သစ်အသင်းဟာ ယခုသီတင်းပတ်အတွင်း စပိန်အသင်းနဲ့ ရင်ဆိုင်ရမည့်ပွဲမှာ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် သုံးကြိမ်ဆက် ဗိုလ်လုပွဲတက်လှမ်းနိုင်တဲ့ တတိယမြောက်အသင်း ဖြစ်လာဖို့ ရည်မှန်းထားတာပါ။ လာမယ့် အင်္ဂါနေ့ညမှာ ကစားမယ့် အလွန်စိတ်လှုပ်ရှားဖို့ကောင်းတဲ့ ဒီပွဲစဉ်မှာ ပြင်သစ်အသင်းအနေနဲ့ လက်ရှိပြိုင်ပွဲအတွင်း ၈ ဂိုးအထိ သွင်းယူထားတဲ့ အမ်ဘာပေကိုပဲ အသင်းအား ထပ်မံဦးဆောင်ပေးဖို့ မျှော်လင့်အားကိုးနေပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက စတင်ကာ ကမ္ဘာ့ဖလားသွင်းဂိုး ၂၀ အထိ ရရှိထားတဲ့ ရီးရဲလ်မက်ဒရစ်စတား အမ်ဘာပေဟာ ကြီးမားတဲ့ ပြိုင်ပွဲကြီးတွေမှာ အသင်းကို လမ်းပြပေးနိုင်တဲ့ အဓိက အားကိုးရဆုံး ပြင်သစ်ကြယ်ပွင့် ဖြစ်လာခဲ့တာပါ။

ဘာစီလိုနာနဲ့ အင်တာမီလန် တိုက်စစ်မှူးဟောင်း အီတူးက အမ်ဘာပေဟာ သူ့ရဲ့ အသားအရောင်ကြောင့် အခက်အခဲအတားအဆီးတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ယူဆကြောင်း အခုလို ပြောဆိုခဲ့ပါတယ်။

"သူဟာ တခြားသော ကြီးကျယ်ခမ်းနားတဲ့ ချန်ပီယံတွေလိုပဲ မျှမျှတတ အကဲဖြတ်ခံရဖို့ တကယ်ကို ထိုက်တန်ပါတယ်။ ပြီးတော့ ပြင်သစ်နိုင်ငံသမိုင်းမှာ ဒီလိုအဆင့်အတန်းရှိတဲ့ ကစားသမားတစ်ယောက်ကို ပိုင်ဆိုင်ထားရတာ ဘယ်လောက်ကံကောင်းလဲဆိုတာ ပြင်သစ်အသင်းအနေနဲ့ အပြည့်အဝ တန်ဖိုးထားရမယ့် အချိန်လည်း ရောက်နေပါပြီ။ ဒါပေမဲ့ သူဟာ ခြေစွမ်းတွေပြ၊ စံချိန်တွေတင်၊ အောင်မြင်မှုတွေများစွာ ရယူထားပြီး ခြေစွမ်းပိုင်း တည်ငြိမ်နေတာတောင်မှ သူ့ကိုယ်သူ အကောင်းဆုံးဖြစ်ကြောင်း အမြဲတမ်း သက်သေပြနေရသလို ဖြစ်နေပါတယ်။

ပြောရခက်ပေမဲ့ မေးဖို့သင့်တော်တဲ့ မေးခွန်းတစ်ခု ရှိပါတယ်။ အဲဒါကတော့ ကီလီယံရဲ့ ကပြားသွေးနှောမှု၊ သူ့ရဲ့ နောက်ခံသမိုင်းကြောင်းနဲ့ ပြင်သစ်လူ့အဖွဲ့အစည်းအပေါ် သူကိုယ်စားပြုနေတဲ့အရာတွေဟာ လူအချို့က သူ့ရဲ့ ကစားသမားဘဝ၊ စရိုက်လက္ခဏာနဲ့ သူ့ရဲ့ ရပ်တည်ချက်တွေအပေါ် အကဲဖြတ်တဲ့နေရာမှာ မိမိကိုယ်မိမိ သိသိသာသာဖြစ်စေ၊ မသိစိတ်ကဖြစ်စေ လွှမ်းမိုးမှု ရှိနေသလား ဆိုတာပါပဲ။

ဒီမေးခွန်းဟာ အခြေအမြစ်မရှိ စွပ်စွဲဖို့မဟုတ်ဘဲ တာဝန်သိသိနဲ့ မေးမြန်းဖို့ လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ခွဲခြားဆက်ဆံမှုတွေ၊ အစွဲတွေနဲ့ ဘက်လိုက်မှုတွေဟာ ကျွန်တော်တို့ လူ့အဖွဲ့အစည်းတွေထဲမှာ ရှိနေဆဲဖြစ်ပြီး ဒါတွေကို ပုံမှန်အရာတွေလို ဘယ်တော့မှ သတ်မှတ်မထားသင့်လို့ပါ။

ကီလီယံ အမ်ဘာပေအနေနဲ့ သူ့ရဲ့ မျိုးဆက်မှာ အကောင်းဆုံး ပြင်သစ်ကစားသမားအဖြစ်၊ ဒါမှမဟုတ် ပြင်သစ်သမိုင်းတစ်လျှောက် အကြီးကျယ်ဆုံး ကစားသမားတစ်ဦးအဖြစ် အပြည့်အဝ အသိအမှတ်ပြုခံရဖို့အတွက် နောက်ထပ် ဘာတွေ ထပ်ပြီး စွမ်းဆောင်ပြဖို့ လိုအပ်နေသေးလို့လဲ" လို့ အီတူးက ပြောကြားခဲ့ပါတယ်။

အမ်ဘာပေဟာ ပြင်သစ်အသင်းရဲ့ ကွာတားဖိုင်နယ်ပွဲစဉ် ဒုတိယပိုင်းမှာ လူစားလဲခြင်း ခံခဲ့ရပေမဲ့၊ ယခုသီတင်းပတ်အတွင်း စပိန်နဲ့ပွဲမှာ အသင်းကို ပြန်လည်ဦးဆောင်နိုင်ဖို့ သူ့ရဲ့ ခြေကျင်းဝတ်ဒဏ်ရာအနည်းငယ်ကနေ အချိန်မီ သက်သာလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။