
The network connection is lost.

တူရကီကလပ် ဘက်ဆစ်တက်ဟာ မန်ချက်စတာယူနိုက်တက်နည်းပြဟောင်း အိုလီဂန်းနားဆိုးရှားလ်ကို နည်းပြအဖြစ် ခန့်အပ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ယခုအခါမှာတော့ အာဆင်နယ်ကြယ်ပွင့်ကစားသမားဟောင်း ဗန်ဘရွန်ခေါ့စ်ကိုသာ ရွေးချယ်ခဲ့ပါတယ်။
၂၀၂၁ နိုဝင်ဘာလကတည်းက ယူနိုက်တက်နဲ့လမ်းခွဲပြီး အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာလာခဲ့တဲ့ ဆိုးလ်ရှားဟာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းတွေရဲ့ ကမ်းလှမ်းမှုအများအပြားကိုပယ်ချထားပြီး ယခုချိန်အထိ အသင်းလက်မဲ့ဖြစ်နေခဲ့ပါတယ်။ မကြာသေးမီကတော့ နော်ဝေတိုက်စစ်မှူးဟောင်းဟာ တူရကီကလပ် ဘက်ဆစ်တက်နဲ့ သဘောတူညီမှုရရှိဖို့ မျှော်လင့်ထားကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ညှိနှိုင်းမှု ပျက်ပြယ်ခဲ့ပုံပေါ်ပါတယ်။
ဘက်ဆစ်တက်ဟာ အာဆင်နယ်၊ ဘာစီလိုနာနဲ့ နယ်သာလန်ကြယ်ပွင့် ကစားသမားဟောင်း ဗန်ဘရွန်ခေါ့စ်ကိုသာ နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အတည်ပြုခဲ့ပြီဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ်မှာ ရိန်းဂျားနဲ့ လမ်းခွဲခဲ့ပြီးကတည်းက အသင်းလက်မဲ့ဖြစ်နေတဲ့ အသက်-၄၉ နှစ်အရွယ် နည်းပြဟာ ယခုအခါမှာတော့ ပေါ်တူဂီနည်းပြဟောင်း ဖာနန်ဒိုဆန်းတို့စ်ရဲ့နေရာမှာ အစားထိုးဝင်ရောက်သွားမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်ကလည်း ဘက်ဆစ်တက်ရဲ့ပြည်တွင်းပြိုင်ဘက် ဖီနာဘာချီက တော့တင်ဟမ်၊ ယူနိုက်တက်နဲ့ ချဲလ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တာကြောင့် ဗန်ဘရွန်ခေါ့စ်ဟာ တူရကီစူပါလိဂ်မှာ ပေါ်တူဂီသားနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ ဖီနာဘာချီသို့ စတင်ရောက်ရှိလာတဲ့ မော်ရင်ဟိုကို အသင်းရဲ့ထောင်ပေါင်းများစွာသော ပရိသတ်တွေက လှိုက်လှိုက်လှဲလှကြိုဆိုခဲ့ကြပြီး မော်ရင်ဟိုအနေနဲ့လည်း အသင်းနဲ့အတူအောင်မြင်မှုတွေ ရယူသွားမယ်လို့ ကတိပေးခဲ့ပါတယ်။
မော်ရင်ဟိုက “ဒီအသင်းရဲ့ လူမှုဆက်ဆံပုံကို ကျွန်တော်အရင်ကတည်းက သိနေခဲ့ပါတယ်။ ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို ကိုင်တွယ်ခဲ့တုန်းက ဖီနာဘာချီကို ပြိုင်ဘက်အဖြစ်ရင်ဆိုင်ခဲ့ဖူးပြီး ဒီအသင်းရဲ့ ဖွဲ့စည်းပုံကို နားလည်ထားခဲ့ပါတယ်” “နည်းပြတစ်ယောက်အတွက် ရည်မှန်းချက်ကဘာလဲ။ လုံခြုံတဲ့နေရာမှာ သက်တောင့်သက်သာနဲ့နေနိုင်တယ်ဆိုတာဘာလဲ။ ကျွန်တော့်အိမ်က လန်ဒန်မှာရှိတာကြောင့် ကျွန်တော်က လန်ဒန်ကလပ်တစ်ခုကို ကိုင်တွယ်ပြီး အဆင့် ၆-၇ လောက်ဝင်အောင်လုပ်ဖို့က ကျွန်တာ့်ရဲ့ရည်မှန်းချက်လား။ ဒါမှမဟုတ် ကျွန်တော်က အီတလီကိုချစ်တာကြောင့် အီတလီကလပ်တစ်ခုကို ကိုင်တွယ်ပြီး အဆင့်၅-၆ လောက်နဲ့ ကျေနပ်နေတာကရော ကျွန်တော့်ရဲ့ရည်မှန်းချက်လား။ ပေါ်တူဂီကလပ်တစ်ခုကို ကိုင်တွယ်ပြီး အမေ့အိမ်ကို နေ့တိုင်းသွားလည်နိုင်ဖို့ကရော ကျွန်တော့်ရဲ့ ရည်မှန်းချက်လား။ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ရည်မှန်းချက်က အနိုင်ယူဖို့၊ ဖိအားဒဏ်တွေကို ခံစားဖို့နဲ့ ချန်ပီယံဖြစ်ဖို့ပါပဲ။ ဖီနာဘာချီနဲ့အတူ ပွဲစဉ်တိုင်းကို အနိုင်ယူဖို့ ကြိုးစားသွားပါမယ်”လို့ ပြောကြားခဲ့ပါတယ်။