The network connection is lost.

Banner Image

မှတ်တိုင်သစ်တစ်ခု စိုက်ထူပြီး နယ်သာလန်ရဲ့ဂန္တဝင်စာရင်းမှာ ပါဝင်လာမယ့် ဗန်ဒိုက်

တနင်္ဂနွေနေ့၊ ဆားဘီးယားနဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားခြင်းဖြင့် ဗန်ဒိုက်က အနိမ့်ဆုံး နိုင်ငံ့လက်ရွေးစင်အဆင့်ပွဲစဉ် ၁၀၀ ပြည့်မြောက်အောင် ကစားပေးနိုင်တဲ့ ၁၁ ဦးမြောက် နယ်သာလန်ကစားသမား ဖြစ်လာပါလိမ့်မယ်။

အသက် ၃၅ နှစ်အရွယ်ဗန်ဒိုက်က နည်းပြဂူဟစ်ဒင့်လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခြင်းခံရပြီး တစ်နှစ်အကြာ ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလမှာ နယ်သာလန်အတွက် ပွဲဦးထွက်ပါဝင်ကစားခဲ့ပါတယ်။ ဒီဗဟိုနောက်ခံလူက ဒတ်ချ်ခံစစ်ပိုင်းရဲ့အဓိကဒေါက်တိုင် ချက်ချင်းဖြစ်လာခဲ့ပြီး သူ့ကို ယူရိုပြိုင်ပွဲနဲ့လွဲချော်စေခဲ့တဲ့ ၂၀၁၇ ခုနှစ်၊ ခြေကျင်းဝတ်ဒဏ်ရာနဲ့  ၂၀၂၀-၂၀၂၁ ကာလ၊ ဒူးအရွတ်စုတ်ပြဲဒဏ်ရာတွေကြောင့်သာ ပွဲစဉ်အချို့ကို လွဲချော်ခဲ့ပါတယ်။

လီဗာပူးကြယ်ပွင့်က ၂၀၁၈ ခုနှစ်၊ မတ်လ၊ အင်္ဂလန်နဲ့ပွဲစဉ်မှာ အသင်းခေါင်းဆောင်လက်ပတ်ကို စတင်ဝတ်ဆင်ခဲ့ပြီး အဲ့ဒီနောက်ပိုင်း လက်ပတ်မပါဘဲ နှစ်ပွဲသာ ကစားခဲ့ပါတယ်။ အဲ့ဒီပွဲစဉ်တွေကတော့ ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ၊ ဆနိုက်ဒါရဲ့ လက်ရွေးစင်အဆင့်နောက်ဆုံးပွဲစဉ်နဲ့ ၂၀၂၄ ခုနှစ်၊ ကနေဒါနဲ့ခြေစမ်းပွဲစဉ်အတွက် ဒါလေဘလင်းဆီ အသင်းကပ္ပတိန်တာဝန် လွှဲပြောင်းခဲ့ချိန်တွေပဲ ဖြစ်ပါတယ်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလမှာ ဗန်ဒိုက်က အသင်းခေါင်းဆောင်အဖြစ် ၇၂ ပွဲမြောက် ပါဝင်ကစားရင်း ဖရန့်ဒီဘိုးဝါးကို ကျော်ဖြတ်ကာ နယ်သာလန်အသင်းသမိုင်းတလျှောက် ပွဲစဉ်အများဆုံးဦးဆောင်ခဲ့တဲ့ အသင်းကပ္ပတိန် ဖြစ်လာပါတယ်။ ဆားဘီးယားနဲ့ပွဲစဉ်မှာပါ အသင်းခေါင်းဆောင်အဖြစ် ဆက်လက်တာဝန်ယူမယ်ဆိုရင် ဗန်ဒိုက်က နယ်သာလန်အသင်းကပ္ပတိန်အဖြစ် တာဝန်ယူခဲ့တာ ၈၄ ပွဲအထိ ရှိလာပါလိမ့်မယ်။

၂၀၂၂ ခုနှစ်၊ ဇွန်လကစလို့ ပြီးခဲ့တဲ့လေးနှစ်တာကာလအတွင်း နယ်သာလန်အသင်းကစားခဲ့တဲ့ ၅၅ ပွဲမှာ ဗန်ဒိုက်က နှစ်ပွဲသာ လွဲချော်ခဲ့ပါတယ်။ ဒီနောက်ခံလူက လိမ္မော်ရောင်ဂျာစီဝတ်ဆင်ရင်း ရရှိခဲ့တဲ့ တစ်ခုတည်းသော အနီကတ်ပြစ်ဒဏ်ကြောင့် ၂၀၂၄ ခုနှစ်၊ ဂျာမနီနဲ့ ရင်ဆိုင်ရတဲ့ နေးရှင်းလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့သလို အဲ့ဒီနှစ်၊ နိုဝင်ဘာလမှာ ဘော့စနီးယားနဲ့ပွဲစဉ်အတွက် အနားပေးမှုကို ခံခဲ့ရပါတယ်။

အဓိကပြိုင်ပွဲကြီးတွေမှာ ၁၅ ပွဲ ပါဝင်ကစားခဲ့မှုအပါအဝင် ယခင်လက်ရွေးစင်အဆင့်ပွဲစဉ် ၉၉ ပွဲမှာ ဗန်ဒိုက်က ၁၄ ဂိုး သွင်းယူခဲ့ပါတယ်။