ထရက်ဇွန်စပေါအသင်းဆီ နှစ်နှစ်သဘောတူညီမှုစာချုပ်ဖြင့် တရားဝင်ပြောင်းရွှေ့သွားတဲ့ မိုဆာလက်
လတ်တလောနွေရာသီကာလအတွင်း လီဗာပူးမှထွက်ခွာလာတဲ့ မိုဆာလက်က အခုသီတင်းပတ်အတွင်း တူရကီကလပ် ထရတ်ဇွန်စပေါဆီ တရားဝင်ပြောင်းရွှေ့ရောက်ရှိသွားပါတယ်။
လီဗာပူးမှာ ကိုးနှစ်ကြာဖြတ်သန်းခဲ့တဲ့ မိုဆာလက်က အသင်းအတွက် ပြိုင်ပွဲစုံ ၄၄၂ ပွဲကစားကာ ၂၅၇ ဂိုးအထိ သွင်းယူပြီး ဆုဖလားအောင်မြင်မှုမျိုးစုံကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အခုနွေရာသီမှာ လီဗာပူးမှ သူထွက်ခွာလာရမှုအပေါ် ပရိသတ်တွေ စိတ်မကောင်းခဲ့ပေမဲ့ အသင်းနဲ့အတူ ဆယ်စုနှစ်တစ်ခုနီးပါးကြာ မမေ့ပျောက်နိုင်စရာ စွမ်းဆောင်ပြခဲ့သူအတွက် နောက်ထပ်အခန်းကဏ္ဍသစ်တစ်ခု စတင်ချိန်တန်ပြီလို့ အများက ယူဆနေကြပါတယ်။
ဒီအီဂျစ်ကြယ်ပွင့်ကို တူရကီထိပ်သီးကလပ်အသင်းကြီးတွေဖြစ်တဲ့ ဂါလာတာစာရေး၊ ဖီနာဘာချီနဲ့ ဘက်ဆစ်တက်တို့ ခေါ်ယူဖို့ ကြိုးစားခဲ့ကြပေမဲ့ ကစားသမားကိုယ်တိုင်ကတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ အမှတ်ပေးချန်ပီယံ ဖြစ်ခဲ့သလို ယမန်နှစ်ဘောလုံးရာသီရဲ့ တူရကီဖလား သိမ်းပိုက်ထားနိုင်တဲ့ ထရက်ဇွန်စပေါဆီပဲ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဒီဂန္ထဝင်တောင်ပံကစားသမားကြီး ရောက်ရှိလာမှုအကြောင်းကို ထရက်ဇွန်စပေါအသင်းက လူမှုကွန်ရက်စာမျက်နှာမှတဆင့် အတည်ပြုကြေညာခဲ့ပါတယ်။
ထရက်ဇွန်စပေါရဲ့ကြေညာချက်မှာ "မိုဟာမက်ဆာလက်ရဲ့ စာချုပ်လက်မှတ်ထိုးပွဲ အခမ်းအနားအတွက် ဒီနေ့ ညနေ ၇ နာရီခွဲမှာ တွေ့ကြမယ်! ရာသီသစ် ဝတ်စုံတွေကို ဝတ်ဆင်ပြီး ကျွန်တော်တို့ရဲ့ အိမ်ကွင်း Papara Park မှာ ဒီသမိုင်းဝင်ဖြစ်ရပ်ကို အတူတူ လာရောက်ကြည့်ရှုကြပါ! ပရော်ဖက်ရှင်နယ်ဘောလုံးသမား မိုဟာမက်ဆာလက်နဲ့ နှစ်နှစ်သက်တမ်းရှိစာချုပ်အတွက် သဘောတူညီမှု ရရှိသွားပါပြီ" လို့ ဖော်ပြထားပါတယ်။
အသင်းရဲ့တရားဝင်ကြေညာချက် မထွက်ပေါ်လာခင်ကတည်းက မိုဆာလက်ကို ကြိုဆိုဖို့အတွက် ပရိသတ် ၂၅,၀၀၀ ကျော် လေဆိပ်မှာ လာရောက်စုရုံးခဲ့ကြပါတယ်။