
လီဗာပူးစတားကို ကနဦးကမ်းလှမ်းမှုပြုလုပ်လိုက်တဲ့ ဘိုင်ယန်မြူးနစ်
သတင်းတွေအရ ဘိုင်ယန်မြူးနစ်အသင်းဟာ တောင်ပံနေရာအတွက် လီဗာပူးစတား ဒီယက်ဇ်ကို ကနဦးကမ်းလှမ်းမှုပြုလုပ်ထားတယ်လို့ သိရပါတယ်။ ဒီယက်ဇ် နဲ့ လီဗာပူးတို့ကြား စာချုပ်သက်တမ်းက ၂၀၂၇ အထိ ကျန်ရှိနေတာကြောင့် အလျင်အမြန်ရောင်းချဖို့ မလိုအပ်တာဖြစ်ပါတယ်။
အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ဘိုင်ယန်ဟာ ဒီယက်ဇ်အတွက် ပေါင် ၅၉ သန်းနဲ့ ကနဦးကမ်းလှမ်းထားတယ်လို့ ဆိုပါတယ်။ လီဗာပူးအသင်းဘက်က သူတို့စတားအတွက် ယူရိုသန်း ၁၀၀ လောက်အလိုရှိနေပြီး အခုလက်ရှိနွေမှာလည်း ရောင်းချဖို့ အစီအစဉ်မရှိတာဖြစ်ပါတယ်။ အသက် ၂၈ နှစ်သားဟာ ပြီးခဲ့တဲ့ရာသီတုန်းက လီဗာပူးအသင်းအတွက် ပရီးမီးယားလိဂ် ၃၈ ပွဲမှာ ၁၃ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
ဒီယက်ဇ်ဟာ ၂၀၂၂ ဇန်နဝါရီတုန်းက ပေါ်တိုအသင်းထံကနေ ပေါင် ၃၇.၅ သန်းနဲ့ လီဗာပူးအသင်းထံပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဘိုင်ယန်အနေနဲ့ ကနဦးကမ်းလှမ်းမှုဖြစ်တာကြောင့် ဒီယက်ဇ်အပြောင်းအရွှေ့အဆင်မပြေခဲ့ရင် အာဆင်နယ်စတား မာတီနယ်လီကို ပစ်မှတ်ထားနေပါတယ်။
လီဗာပူးအသင်းဘက်က ဒီယက်ဇ်တစ်ယောက် နောက်တစ်ရာသီအနည်းဆုံးဆက်နေမယ်လို့ မျှော်လင့်နေပြီး တိုက်စစ်ပိုင်းအတွက် လီဗာပူးအသင်းက နယူးကာဆယ်စတား အီဆက်အပါအဝင် အခြားကစားသမား ၄ ဦးလောက်ကိုပစ်မှတ်ထားနေပါတယ်။