The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ဆီပြောင်းရွှေ့သွားတဲ့ ဒီယက်ဇ်နဲ့ပတ်သက်လို့ မှတ်ချက်ပေးပြောကြားလာတဲ့ အန်းစလော့

ဘိုင်ယန်မြူးနစ်ဆီပြောင်းရွှေ့သွားတဲ့ ကိုလံဘီယာကြယ်ပွင့်လူးဝစ်ဒီယက်ဇ်ကို လွမ်းဆွတ်မိတယ်လို့ လီဗာပူးနည်းပြအန်းစလော့က ဝန်ခံပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နွေရာသီ၊ ဒီယက်ဇ်ကိုရောင်းချခဲ့တဲ့ ဆုံးဖြတ်ချက်က ကလပ်အသင်းရဲ့ဘဏ္ဍာရေးအခြေအနေအရ မှန်ကန်တဲ့လုပ်ရပ်တစ်ခုလို့ အန်းစလော့ ယုံကြည်နေပါတယ်။

အင်္ဂလန်ချန်ပီယံလီဗာပူးအတွက် ခက်ခဲတဲ့ရာသီတစ်ခုဖြစ်နေချိန်၊ လတ်တလောသတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း နည်းပြအန်းစလော့ဆီ ကစားသမားဟောင်းလူးဝစ်ဒီယက်ဇ်ကို လွမ်းဆွတ်မိသလားဆိုတဲ့ မေးခွန်းတစ်ခု ရောက်ရှိလာပါတယ်။

"ဘောလုံးသမားကောင်းတွေကိုတော့ လူတိုင်း အမြဲတမ်းလွမ်းဆွတ်သတိရနေပါလိမ့်မယ်။ ဒီယက်ဇ်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော်တို့အသင်းအတွက် အလွန်အရေးပါခဲ့ပါတယ်။ ဒါပေမဲ့ သူတစ်ဦးတည်းတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းရဲ့ရလဒ်ပိုင်းအပေါ်မှာ သြဇာသက်ရောက်မှုရှိခဲ့တဲ့ တခြားကစားသမားတွေလည်း ရှိပါသေးတယ်"လို့ ၎င်းက ဆိုပါတယ်။

"ဒါပေမဲ့ သူတို့နေရာမှာလည်း အရည်အချင်းရှိတဲ့ကစားသမားတွေနဲ့ အကောင်းဆုံးအစားထိုးနိုင်ခဲ့တယ်လို့ ကျွန်တော်ထင်ပါတယ်။ လူးဝစ်ဒီယက်ဇ်ရဲ့အပြောင်းအရွှေ့ဟာ ဒီကလပ်အသင်း ဘယ်လိုပုံစံနဲ့လည်ပတ်နေသလဲဆိုတာကို ပြသပေးတဲ့ နောက်ထပ်သာဓကတစ်ခုပါပဲ" လို့ လီဗာပူးနည်းပြက ရှင်းပြခဲ့ပါတယ်။

ဒီယက်ဇ်အတွက် ဘိုင်ယန်မြူးနစ်ရဲ့ယူရို ၇၅ သန်းတန်ကမ်းလှမ်းမှုကို လက်ခံခဲ့ခြင်းဟာ လီဗာပူးအသင်း ကျင့်သုံးနေတဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးမူဝါဒအပေါ်အခြေခံကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ အန်းစလော့က ဆက်ပြောပါတယ်။
"အသက် ၂၈ နှစ်အရွယ်ကစားသမားတစ်ဦးအတွက် ဒီလိုကမ်းလှမ်းမှုမျိုးရလာခဲ့ရင် ရေရှည်တည်တံ့မှုကို အခြေခံထားတဲ့ကျွန်တော်တို့ကလပ်အသင်းက ဒီကစားသမားကို ရောင်းချဖို့ပဲ ရွေးချယ်ပါလိမ့်မယ်။ ဒါဟာ ပရီးမီးယားလိဂ်ကလပ်အသင်းကြီးတွေအနက် ကျွန်တော်တို့အသင်းတစ်ခုတည်းမှာသာရှိတဲ့ ထူးခြားချက်‌ဖြစ်ပါတယ်။ အဲဒီလိုမူဝါဒမျိုးနဲ့ပဲ ပြီးခဲ့တဲ့နှစ်တွေမှာ အခုလိုအောင်မြင်မှုတွေ ရယူနိုင်ခဲ့တာကတော့ တကယ့်ကို ဝမ်းသာစရာကောင်းလွန်းပါတယ်။"

"ဒီယက်ဇ်လည်း ဘိုင်ယန်မှာ ခြေစွမ်းပြနေပါတယ်။ ဒါကို ကျွန်တော့်တော့ မအံ့ဩမိပါဘူး" လို့ ဒီရာသီမှာ ပွဲ ၃၀ ကစား၊ ၁၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၀ ကြိမ်ပြုလုပ်ထားတဲ့ ကိုလံဘီယာတိုက်စစ်မှူးနဲ့ပတ်သက်လို့ အန်းစလော့က ပြောပါတယ်။

လီဗာပူးအသင်းက ပြီးခဲ့တဲ့နွေရာသီစျေးကွက်အတွင်း ကစားသမားရောင်းချရငွေ ယူရိုသန်း ၂၂၀ ရရှိခဲ့ပြီး ကစားသမားသစ်တွေအတွက် ယူရို ၄၈၃ သန်းအထိ သုံးစွဲခဲ့လို့ မာဆေးဆိုဒ်သားတွေရဲ့ "ရေရှည်တည်တံ့မှု"မူဝါဒအပေါ် ဘိုင်ယန်ပရိသတ်တွေကိုယ်တိုင် အွန်လိုင်းမှတဆင့် ဝေဖန်နေကြပါတယ်။