ဒူးဒဏ်ရာကို တစ်သက်လုံးဂရုစိုက်သွားရတော့မယ့် နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့် ခရစ်ဝုဒ်
နော်တင်ဟမ်ဖောရက်စ်တိုက်စစ်မှူးခရစ်ဝုဒ်က ခြောက်လကြာ အနားယူခဲ့ရပြီးနောက် ကွင်းအတွင်း ပြန်လည်ရောက်ရှိလာချိန် သူ့ရဲ့ဒူးဒဏ်ရာကို တစ်သက်လုံး ဂရုတစိုက်ထိန်းသိမ်းသွားရတော့မယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလအတွင်း ခွဲစိတ်မှုခံယူခဲ့တဲ့ နယူးဇီလန်လက်ရွေးစင်ကစားသမားက ပေါ်တိုနဲ့တစ်ဖက်တစ်ဂိုးစီသရေကျတဲ့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်မှာ ပါဝင်ကစားခဲ့သလို အခု ဒုတိယအကျော့ပွဲစဉ်အတွက်လည်း ရွေးချယ်ခံနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
ခရစ်ဝုဒ်က သူ့ရဲ့ဒူးဒဏ်ရာ ရာနှုန်းပြည့်ပြန်ကောင်းဖို့ မဖြစ်နိုင်တော့ပေမဲ့ အသင်းကို ဆက်လက်ကူညီပေးသွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။
အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးက "ဒါက ဒူးဒဏ်ရာပါ၊ ကျွန်တော့်ရဲ့ ကစားသမားဘဝတစ်လျှောက်လုံးအပြင် နောက်ပိုင်း ကလေးတွေနဲ့ ဆော့တာပဲဖြစ်ဖြစ်၊ ဂေါက်ရိုက်တာပဲဖြစ်ဖြစ် ဘောလုံးလောကမှ အနားယူပြီးချိန်အထိ နှစ်ပေါင်းများစွာ ဂရုတစိုက်ထိန်းသိမ်းသွားရပါတော့မယ်"လို့ ဆိုပါတယ်။
ဆက်လက်ပြီး "ဒါ အမြဲတမ်းရှိနေမှာပါ။ အမြဲတမ်းအဆင်သင့်ဖြစ်နေဖို့နဲ့ ကြံ့ခိုင်မှုအကောင်းဆုံးဖြစ်နေဖို့ ကိုယ့်ကိုယ်ကိုယ် အမြဲသတိရှိနေရပါမယ်။ ဒူးဒဏ်ရာဆိုတာ တကယ်ဆိုးရွားလှပါတယ်။ အနာဂတ်မှာ ဘာဖြစ်လာမလဲ၊ ဒါမှမဟုတ် ဒဏ်ရာမှ ဘယ်လိုပုံစံနဲ့ ပြန်လာနိုင်မလဲဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ ဒါကြောင့် စိတ်ပိုင်းဆိုင်ရာအရ ရင်ဆိုင်ရခက်ခဲတဲ့အရာတွေအနက် တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အမြဲတမ်းပြန်လာနိုင်မယ်လို့ ယုံကြည်ချက်ရှိခဲ့ပါတယ်။ ခွဲစိတ်မှုမလုပ်ခင်မှာ ပြန်ကစားနိုင်ဖို့ အတော်လေးနီးစပ်ခဲ့ပေမဲ့ ဖြစ်မလာခဲ့ပါဘူး။ တကယ်ကို ကံမကောင်းခဲ့တာပါ" လို့လည်း ပြောကြားခဲ့ပါတယ်။