The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်မှာ ဟယ်ရီကိန်း၊ အိုလီစီတို့နဲ့တွဲဖက်ကစားရမှုအပေါ် မှတ်ချက်ပေးလာတဲ့ ဒီယက်ဇ်

လူးဝစ်ဒီယက်ဇ်ဟာ ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်ပိုင်းမှာ ဟယ်ရီကိန်း၊ မိုက်ကယ်အိုလီစီတို့နဲ့အတူ တွဲဖက်ကစားရမှုကို သဘောကျနှစ်ခြိုက်နေပါတယ်။

ပြီးခဲ့တဲ့နွေရာသီ၊ လီဗာပူးမှ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့လာခဲ့တဲ့ ဒီယက်ဇ်က အသင်းသစ်မှာ ချက်ချင်းဆိုသလို အထိုင်ကျခဲ့ပြီး အခုအချိန်အထိ ပြိုင်ပွဲစုံ ၃၂ ပွဲမှာ ၁၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၁၅ ကြိမ်အထိ ပြုလုပ်ထားနိုင်ခဲ့ပါတယ်။

“ဟယ်ရီကိန်း၊ အိုလီစီတို့နဲ့ အသင်းတစ်ခုတည်းမှာ အတူတွဲဖက်ကစားရတာကို ကျွန်တော် တကယ်ပဲ ဂုဏ်ယူမိပါတယ်။ သူတို့က နည်းစနစ်ပိုင်းမှာ ထူးထူးခြားခြား ကောင်းမွန်ကြပါတယ်” လို့ Sky Germany နဲ့ အင်တာဗျူးမှာ ဒီယက်ဇ်က ပြောကြားခဲ့သလို ဟာရီကိန်းကိုလည်း “အရာရာတိုင်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်နိုင်သူ” လို့ ဖော်ပြခဲ့ပါတယ်။

“ဟယ်ရီကိန်းက ကျွန်တော့်ကို တော်တော်လေး အံ့အားသင့်စေခဲ့တယ်။ အင်္ဂလန်မှာတော့ တော့တင်ဟမ်နဲ့ အကြိမ်ကြိမ်ရင်ဆိုင်ခဲ့ရဖူးလို့ သူရဲ့ကစားပုံကို တွေ့ဖူးပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်အသင်းကစားသမားဖြစ်နေချိန်မြင်ကွင်းနဲ့ အသင်းဖော်အဖြစ် အဝတ်လဲခန်းထဲမှာ အတူရှိနေတာ၊ လေ့ကျင့်ရေးကွင်းမှာ နေ့တိုင်းအတူရှိနေပြီး သူ အသင်းအတွက် ဘယ်လိုအလုပ်အကျွေးပြုလဲ၊ ဘယ်လိုလှုပ်ရှားလဲ၊ ဘောလုံးပိုင်ဆိုင်မှုရရှိဖို့ ဘယ်လောက်အထိကြိုးစားအားထုတ်သလဲ၊ ပြီးတော့ ဂိုးတွေ ဘယ်လိုသွင်းယူလဲဆိုတာကို မြင်တွေ့ရတာ တခြားစီပါပဲ။ သူက စက်ရုပ်တစ်ရုပ်လိုပါပဲ၊ အရာအားလုံးကို တကယ်ပဲ ကောင်းကောင်းလုပ်နိုင်တယ်။ အခုလိုတိုက်စစ်ပိုင်းမှာပါဝင်ခွင့်ရလို့ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်” လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။

အိုလီစီရဲ့အရည်အသွေးနဲ့ပတ်သက်ပြီးတော့လည်း ဒီယက်ဇ်က “အိုလီစီကတော့ တစ်ဦးချင်းရင်ဆိုင်ရချိန်တိုင်း ပြိုင်ဘက်ကို အပြတ်အသတ်အနိုင်ယူနိုင်ပါတယ်။ နည်းစနစ်ပိုင်း အရမ်းကောင်းပြီး အသင်းအတွက် ထူးခြားမှုတွေ ဖန်တီးပေးနိုင်ပါတယ်။ သူက လူအေးလေးပါ၊ ဒါပေမဲ့ ကွင်းထဲမှာတော့ စကားအများကြီးပြောပြီး ကူညီပေးတတ်တယ်။ အသေးစိတ်အချက်အလက်တွေကိုလည်း အများကြီးဂရုစိုက်ပြီး ‘ဟေး၊ ငါတို့ ဒီလိုမျိုး ခုခံကြစို့’ ဆိုတာမျိုးတွေလည်း တခါတလေပြောတတ်ပါတယ်။ ဒါတွေက ကစားသမားတစ်ဦးအဖြစ်တိုးတက်လာဖို့ ကူညီပေးသလို စိတ်သက်သောင့်သက်သာလည်း ရှိစေပါတယ်။ တစ်ခါပြန်ပြောရရင် ဒီလိုကစားသမားမျိုးတွေနဲ့တွဲကစားရတာ တကယ့်ကို အံ့ဩစရာပါပဲ” လို့ ဆိုခဲ့ပါတယ်။