
နေရာအတွက်တိုက်ပွဲဝင်ဖို့ ရက်ရှ်ဖို့ဒ်ကိုကြိုဆိုကြောင်းပြောကြားလာတဲ့ ရာဖင်ဟာ
ဘာစီလိုနာတောင်ပံကစားသမား ရာဖင်ဟာက အသင်းမှာနေရာရဖို့အတွက် တိုက်ပွဲဝင်သွားရမှာဖြစ်လို့ ယခုနွေရာသီအတွင်း မန်ချက်စတာယူနိုက်တက်မှပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံကစားသမားမားကပ်စ်ရက်ရှ်ဖို့ဒ်ကိုလည်း နေရာလုတိုက်ပွဲအတွက် ကြိုဆိုကြောင်း ပြောကြားလာခဲ့ပါတယ်။
ရက်ရှ်ဖို့ဒ်ဟာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာလာပြီးနောက် ဘာစီလိုနာသို့ တစ်ရာသီအငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းဖော်သစ်တွေဖြစ်တဲ့ ရာဖင်ဟာ၊ လာမိုင်းယာမယ်လ်၊ ရောဘတ်လီဝန်ဒေါစကီးတို့နဲ့ တွဲဖက်ကစားခွင့်ရသွားမှာဖြစ်ပါတယ်။ ယခုအခါမှာ ရာဖင်ဟာကို ရက်ရှ်ဖို့ဒ်ရောက်ရှိလာခြင်းက နေရာရဖို့အတွက် ပြိုင်ဆိုင်မှုဖြစ်လာနိုင်သလားလို့ မေးမြန်းခဲ့ရာ ဘရာဇီးသားက "ဒီအသင်းဂျာစီကိုဝတ်ဆင်ပြီးကစားမယ်ဆိုရင် ဘယ်နေရာမှာမဆို ပြိုင်ဆိုင်မှုတွေရှိနေမှာပါပဲ။ ကျွန်တော့်အမြင်မှာတော့ ပြိုင်ဆိုင်မှုတွေရှိလေ၊ အသင်းကပိုကောင်းလာလေပါပဲ။ တစ်ယောက်နဲ့တစ်ယောက် တိုးတက်စေဖို့ တွန်းအားပေးသလိုခံစားရပါတယ်။ အရေးကြီးဆုံးကတော့ ဆုဖလားတွေ ဆွတ်ခူးနိုင်ဖို့ပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရာဖင်ဟာက ပြီးခဲ့တဲ့ရာသီက သူ့ကစားသမားဘဝတစ်လျှောက် အကောင်းမွန်ဆုံးရာသီဖြစ်ခဲ့ပေမယ့် နောက်ထပ်ပိုကောင်းတဲ့ရာသီတွေ ဆက်လက်တွေ့ကြုံချင်သေးကြောင်း ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ရာဖင်ဟာဟာ ဘာစီလိုနာအတွက် စုစုပေါင်း ၅၆ ပွဲကစားခဲ့ကာ ၃၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂၅ ကြိမ်အထိပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဆုဖလားအောင်မြင်မှုအနေနဲ့လည်း ဘရာဇီးသားဟာ လာလီဂါ၊ ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ဘရာဇီးလက်ရွေးစင်က "ကျွန်တော့်အနေနဲ့ လေ့ကျင့်ရေးအစီအစဉ်တွေမှာ အကောင်းဆုံးပုံစံရဖို့ အမြဲတမ်းကြိုးစားနေပါတယ်။ ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးကြိုးစားခဲ့ပြီး အောင်မြင်မှုတွေရခဲ့ပါတယ်။ လာမယ့်ရာသီမှာတော့ ပိုကောင်းတဲ့ခြေစွမ်းတွေပြသပြီး ပိုကောင်းတဲ့အောင်မြင်မှုတွေဆက်လက်ရရှိဖို့ ကြိုးစားသွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ချန်ပီယံဆုဖလားနဲ့ ဝေးကွာနေခဲ့တာဖြစ်ပြီး ယခုအခါမှာ ရာဖင်ဟာက "ချန်ပီယံလိဂ်ဖလားက ကျွန်တော့်ရဲ့ကိုယ်ပိုင်စိန်ခေါ်မှုတစ်ခုပါ။ ဒါက ကလပ်ရဲ့ရည်မှန်းချက်လည်းဖြစ်ပါတယ်။ ၆ ကြိမ်မြောက်ချန်ပီယံလိဂ်ဖလားကို ရဖို့ပေါ့။ ဒီဖလားကိုဆွတ်ခူးနိုင်ဖို့ အတတ်နိုင်ဆုံးကြိုးစားသွားပါမယ်။ ကျွန်တော့်အသင်းဖော်တွေလည်း ကျွန်တော့်လိုပဲတွေးနေကြမယ်ဆိုတာ သေချာပါတယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။