The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြောင့် နောက်ထပ်တိုက်စစ်မှူးတစ်ဦးကို ဆုံးရှုံးရဦးမယ့် ဘာစီလိုနာ

ပေါင်ခြံဒဏ်ရာကြောင့် လီဝန်ဒေါစကီး အနားယူရဦးမယ်လို့ ကြေညာခဲ့ပြီးနောက် ဘာစီလိုနာအသင်းအတွက် ကြံ့ခိုင်မှု ပိုင်းဆိုင်ရာအဆင်မပြေမှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။ ဘာစီလိုနာအသင်းရဲ့ကြေညာချက်မှာ “ လီဝန်ဒေါစကီးရဲ့ဘယ်ဘက်ပေါင်ကြွက်သားတွေ နာကျင်ကိုက်ခဲနေပါတယ်။ သူ အနားယူနေပြီး ပြန်ကောင်းလာမယ့်အချိန်ကိုတော့ ဒဏ်ရာအခြေအနေတိုးတက်မှုအပေါ် မူတည်ပြီး သတ်မှတ်သွားရပါလိမ့်မယ်”လို့ ဖော်ပြထားပါတယ်။

တနင်္လာနေ့၊ ဒါနီအိုလ်မိုရဲ့ဒဏ်ရာနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်လိုပဲ အခုထုတ်ပြန်ချက်မှာ ဘာစီလိုနာက လီဝန်ဒေါစကီးပြန်လည်သက်သာလာမယ့်အချိန်အတိအကျကို မဖော်ပြထားပါဘူး။ အသက်-၃၇ နှစ်အရွယ်ကစားသမားရဲ့ဒဏ်ရာပြဿနာက လာလီဂါချန်ပီယံတွေအတွက် ကြံ့ခိုင်မှုပိုင်းပြဿနာကြောင့် ကစားသမားအများအပြားဆုံးရှုံးထားရချိန်မှာ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပါတယ်။

ဒါနီအိုလ်မိုက ခြေသလုံးကြွက်သားဒဏ်ရာကြောင့် စပိန်လက်ရွေးစင်အသင်းရဲ့စခန်းသွင်းလေ့ကျင့်မှုမှ ပြန်လာခဲ့ရပြီး ဖာရန်တောရက်စ်လည်း ကြွက်သားဆိုင်ရာပြဿနာကြောင့် ကတ္တလန်ဒေသဆီ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့ ဖာရန်တောရက်စ်ကို အခုသီတင်းပတ်ကုန်၊ ဂျီရိုနာနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် အဆင်သင့်ဖြစ်နေလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ဒါပေမဲ့ လီဝန်ဒေါစကီးကတော့ ပေါင်ကြွက်သားဒဏ်ရာကြောင့် သီတင်းပတ်အနည်းငယ်ကြာ အနားယူသွားရဖွယ် ရှိပါတယ်။ ရာသီကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမယ့် ဝါရင့်တိုက်စစ်မှူးက အခုဘောလုံးရာသီ၊ ဖာရန်တောရက်စ်အတွက် အရန်လူအဖြစ်သာ ရှိနေပေမဲ့ လေးဂိုးအထိ သွင်းယူထားနိုင်ပါတယ်။

သူက ဂျီရိုနာ၊ အိုလံပီယာကို့စ်၊ ရီးရဲလ်မက်ဒရစ်တို့လို ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်တွေကို လွဲချော်နိုင်လို့ ဟန်စီဖလစ်ခ်ရဲ့အသင်းအတွက် စိုးရိမ်စရာထိုးနှက်ချက်ကြီးတစ်ခု ဖြစ်လာပါတယ်။