
ဘာစီလိုနာတိုက်စစ်ပိုင်းအတွက် အပြောင်းအရွှေ့အစီအမံအကြောင်း အရိပ်အမြွက်ချပြလာတဲ့ ဒေကို
ဘာစီလိုနာအားကစားဒါရိုက်တာဒေကိုက အသင်းတိုက်စစ်ပိုင်းပတ်သက်လို့ ပရိသတ်တွေအတွက် တွေးစရာအခြေအနေတစ်ခု ချပြသွားခဲ့ပါတယ်။ ကတ္တလန်ဘီလူးကြီးအတွက် အထောင်တိုက်စစ်မှူးသစ်တစ်ဦး ခေါ်ယူတော့မယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေချိန်မှာပဲ ကွင်းလယ်ကစားသမားဟောင်းကတော့ သွင်းဂိုးတွေအတွက် အလျှင်စလိုဈေးဝယ်ထွက်ဖို့ မလိုအပ်သေးဘူးလို့ ယူဆနေပုံရပါတယ်။
Mundo Deportivo နဲ့တွေ့ဆုံချိန် ဒေကိုက “ တိုက်စစ်မှူးသစ်ခေါ်ယူဖို့ကိစ္စမှာ အလျှင်စလိုဖြစ်နေဖို့ မလိုအပ်ပါဘူး။ အထောင်တိုက်စစ်မှူးမပါဘဲ ကစားတာမျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဖာရန်တောရက်စ်ဆိုရင် No.9 တိုက်စစ်မှူးတစ်ဦးအဖြစ် ကစားနိုင်ပါတယ်။ ပီအက်စ်ဂျီဆိုရင်လည်း အဓိကတိုက်စစ်မှူးတစ်ဦးမှမပါဘဲ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
အခုလိုမှတ်ချက်ကြောင့် ကတ္တလန်ဒေသတစ်ဝှမ်း မျက်ခုံးပင့်သွားကြပါတယ်။ ၂၀၂၆ ခုနှစ်မှာ စာချုပ်သက်တမ်းပြည့်မြောက်မယ့် အသက်-၃၇ နှစ်အရွယ် လီဝန်ဒေါစကီးနဲ့အတူ အနာဂတ်မှာ တိုက်စစ်ပိုင်းကို ဘယ်သူဦးဆောင်သွားမလဲဆိုတဲ့မေးခွန်းက လစ်လျူရှုထားဖို့ ခက်ခဲလွန်းပါတယ်။ ဒါပေမဲ့ ဒေကိုက ဘာစီလိုနာရဲ့အပြောင်းအရွှေ့အစီအမံကို လူကြိုက်များမှုထက် ဟန်ချက်ညီမှုအပေါ်မှာသာ အခြေခံထားတယ်လို့ ရှင်းရှင်းလင်းလင်းပြောကြားခဲ့ပါတယ်။
သတင်းတွေအရ ဒေကိုက ဟန်စီဖလစ်ခ်ရဲ့အသင်းမှာ လိုက်လျောညီထွေဖြစ်စေမယ့်ကိရိယာတွေ ရှိနေပြီလို့ ယုံကြည်နေပါတယ်။ အသွင်ပြောင်းတိုက်စစ်မှူးတစ်ဦးအဖြစ် အထင်ကြီးလောက်စရာကောင်းအောင် ဖာရန်တောရက်စ် စွမ်းဆောင်ပြထားသလို ပက်ဒရီ၊ ဂါဗီနဲ့ ဖာမင်လိုပက်ဇ်တို့လို လူငယ်ကွင်းလယ်ကစားသမားတွေကိုယ်တိုင်လည်း တိုက်စစ်ပိုင်းမှာ ပါဝင်ကူညီပေးနိုင်ပါတယ်။
ဘာစီလိုနာအားကစားဒါရိုက်တာက စာချုပ်သစ်ဆွေးနွေးမှုနဲ့ ရေရှည်စီမံကိန်းတွေအတွက် အချိန်ယူရလေ့ရှိတယ်လို့ အသင်းပရိသတ်တွေဆီ သတိပေးလာပါတယ်။ Catalunya Radio နဲ့တွေ့ဆုံချိန် ဒေကိုက “ အောက်တိုဘာလမှာတော့ စာချုပ်သက်တမ်းတိုးမြှင့်မှုတွေအကြောင်း ဆွေးနွေးစရာ မရှိပါဘူး။
ကျွန်တော်တို့တွေ အဆင့်အလိုက် လုပ်ဆောင်နေပါတယ်။ လီဝန်ဒေါစကီးဆိုတာလည်း လတ်တလောနှစ်တွေအတွင်း အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးဖြစ်တယ်ဆိုတာ သက်သေပြပြီးသွားပါပြီ။ အခုအချိန်မှာတော့ ဒဏ်ရာရကစားသမားတွေ ပြန်လာနိုင်ဖို့ကိုပဲ အာရုံစိုက်ထားရပါမယ်”လို့ ဆိုပါတယ်။
ဒါပေမဲ့ ဒေကိုကိုယ်တိုင် အခုလိုတည်တည်ငြိမ်ငြိမ်ရှိနေပေမဲ့ ကောလာဟလတွေတော့ မရပ်တန့်သွားပါဘူး။ စပိန်ဘောလုံးရပ်ကွက်မှထွက်ပေါ်လာတဲ့သတင်းတွေအရ ဘာစီလိုနာက ၂၀၂၆ ခုနှစ်မှာ ဘယ်ခြေအားသန်ဗဟိုခံစစ်မှူးတစ်ဦး၊ နောက်ခံအစွန်လူတစ်ဦးနဲ့ လီဝန်ဒေါစကီးနေရာအစားထိုးနိုင်မယ့် တိုက်စစ်မှူးတစ်ဦး စုစုပေါင်းကစားသမားသစ်သုံးဦးခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။