The network connection is lost.

Banner Image

လေးနှစ်သက်တမ်းတိုးစာချုပ်ကို လက်မှတ်ရေးထိုးပြီးနောက် ခံစားချက်တွေ မျှဝေလာတဲ့ ဒီဂျောင်

ဘာစီလိုနာကွင်းလယ်ကစားသမားဒီဂျောင်က ကတ္တလန်ဒေသခံကလပ်အသင်းမှာ ၂၀၂၉ ခုနှစ်အထိ ဆက်ရှိနေနိုင်မယ့် စာချုပ်သက်တမ်းတိုးမြှင့်မှုကို တရားဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကနဦးပြောင်းရွှေ့ကြေးယူရို ၇၅ သန်းဖြင့် ဒတ်ချ်ကလပ်အေဂျက်စ်မှ ဘာစီလိုနာဆီ ရောက်ရှိလာတဲ့ ဒီဂျောင်က အသင်းရဲ့အဓိကကစားသမားတစ်ဦးဖြစ်လာပြီး လာလီဂါချန်ပီယံဆုနှစ်ကြိမ် အပါအဝင် ဆုဖလားခြောက်လုံးကို ဆွတ်ခူးထားနိုင်ပါတယ်။

သတင်းတွေအရ ဒီဂျောင်ဆီ စာချုပ်သစ်ဆွေးနွေးမှုကိုယ်စားလှယ်တွေလဲလှယ်ဖို့ ဖျောင်းဖျခဲ့တဲ့ ကစားသမားရဲ့အေးဂျင့်ဟောင်းအလီဒါဆန်ကြောင့် နယ်သာလန်လက်ရွေးစင်ရဲ့စာချုပ်သက်တမ်းတိုးမြှင့်ရေး ဆွေးနွေးမှုတွေ နှောင့်နှေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အခုအချိန်မှာတော့ ဒီဂျောင်ရဲ့လက်ရှိအေးဂျင့်ဖြစ်သူ လီဂျူးက ဘာစီလိုနာဥက္ကဋ္ဌလာပေါ်တာနဲ့ ဘောလုံးဒါရိုက်တာဒေကိုအပါအဝင် ကလပ်အသင်းအကြီးအကဲတွေရှေ့မှောက် အသက်-၂၈ နှစ်အရွယ်ကစားသမားကို စာချုပ်သက်တမ်းတိုးမြှင့်မှုမှာ လက်မှတ်ရေးထိုးစေခြင်းဖြင့် ဆွေးနွေးမှုတွေကို အောင်အောင်မြင်မြင်ဦးဆောင်သွားခဲ့ပါတယ်။

ဒီဂျောင်က လက်ရှိအချိန်အထိ ဘာစီလိုနာအတွက် ၂၆၇ ပွဲပါဝင်ကစားကာ ၁၉ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၂၄ ကြိမ် စွမ်းဆောင်ခဲ့ပါတယ်။ စာချုပ်သက်တမ်းတိုးမြှင့်ပြီးနောက် ကွင်းလယ်ကစားသမားက သူ့ရဲ့ကလပ်အသင်းမှာ တက်နိုင်သမျှ အချိန်အကြာကြီး ဆက်ရှိနေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာနဲ့အတူ ရယူသွားလိုတဲ့ ရည်မှန်းချက်တွေအကြောင်း ပြောကြားရာမှာ ဒီဂျောင်က “ ကျွန်တော် အမြဲတမ်းပြောခဲ့ဖူးသလိုပါပဲ၊ ကျွန်တော်က ကလေးဘဝမှာကတည်းက ဘာစီလိုနာအတွက်ကစားပေးမယ်ဆိုတဲ့ အိပ်မက်တစ်ခု ရှိခဲ့ပါတယ်။ အခုတော့ ကျွန်တော်က အဲ့ဒီအိပ်မက်ထဲမှာ ရှင်သန်နေပါပြီ။ ဒီကလပ်အသင်းနဲ့အတူ တက်နိုင်သမျှအချိန်အကြာကြီး ဆက်ရှိပြီး ဆုဖလားတွေ ဆွတ်ခူးသွားချင်ပါတယ်။

အခုအချိန်အထိ ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကြီးကို မဆွတ်ခူးနိုင်သေးပါဘူး။ ဒါက ကျွန်တော်နဲ့ အသင်းအတွက် အကြီးမားဆုံးရည်မှန်းချက်ကြီးတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့က အမှတ်ပေးချန်ပီယံဘွဲ့တွေ၊ ရှုံးထွက်ဖလားနဲ့ စူပါဖလားတွေကို တက်နိုင်သမျှ ဆွတ်ခူးရရှိချင်ပါတယ်။ ဒီရည်မှန်းချက်ဆီရောက်ရှိဖို့ ကျွန်တော်တို့ ကြိုးစားသွားပါမယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ဒီဂျောင်က ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်နဲ့ ဟန်စီဖလစ်ခ်ရဲ့သက်ရောက်မှုကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ နယ်သာလန်သားက “ ပထမဆုံးအချိန်မှစပြီး ကျွန်တော်နဲ့ နည်းပြအကြား ဆက်ဆံရေး ကောင်းမွန်ခဲ့ပါတယ်။ သူက ကျွန်တော့်အပေါ်ယုံကြည်မှုရှိတယ်လို့ အမြဲတမ်းပြောဆိုပြီး ဒီအချက်ကိုလည်း သက်သေပြခဲ့ပါတယ်။ ကျွန်တော့်အတွက် တိုးတက်စရာတွေ အများကြီးကျန်ရှိနေသေးလို့ အမြဲတမ်းလိုပဲ အလုပ်ကို အာရုံစိုက်ကြိုးစားသွားပါမယ်”လို့ ဆက်ပြောပါတယ်။ ဒီဂျောင်နဲ့ ဘာစီလိုနာအသင်းက လာမယ့်အောက်တိုဘာ ၁၈ ရက်၊ အိုလံပစ်ကွင်းမှာ ဂျီရိုနာနဲ့လာလီဂါပွဲစဉ်ကို ယှဉ်ပြိုင်ကစားရပါမယ်။