The network connection is lost.

Banner Image

ရက်ရှ်ဖို့ဒ်ကိုယ်တိုင်က ယူနိုက်တက်ရဲ့ပြဿနာတစ်စိတ်တစ်ပိုင်းဖြစ်ခဲ့တယ်လို့ ဝေဖန်လိုက်တဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း ရွိုင်ကိန်းက အသင်းရဲ့မတည်ငြိမ်တဲ့ပတ်ဝန်းကျင်ကြောင့် ပြဿနာတွေဖြစ်ခဲ့တယ်လို့ဝေဖန်ပြောဆိုခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို သူကိုယ်တိုင်က ပြဿနာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်နေခဲ့တယ်လို့ ပြန်လည်ဝေဖန်လာခဲ့ပါတယ်။

ပြီးခဲ့တဲ့အင်္ဂါနေ့မှာရက်ရှ်ဖို့ဒ်ဟာ သူ့အနေနဲ့ ယူနိုက်တက်မှာ ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရခြင်းမှာ အသင်းရဲ့တည်ငြိမ်မှုမရှိတဲ့အခြေအနေတွေကြောင့်ဖြစ်တယ်လို့ ဝေဖန်ပြောဆိုခဲ့ပါတယ်။ ယခုအခါမှာတော့ ကိန်းက ရက်ရှ်ဖို့ဒ်ကိုယ်တိုင်က အဆိုပါပြဿနာရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောကြားခဲ့ပြီး အခုရရှိနေတဲ့ ဒုတိယအခွင့်အရေးကို အကောင်းဆုံးအသုံးချဖို့ အကြံပေးခဲ့ပါတယ်။

နောက်ခံလူဟောင်းက "ရက်ရှ်ဖို့ဒ်ရဲ့ယူနိုက်တက်ကစားသမားဘဝနောက်ဆုံးအချိန်တွေမှာ သိသာထင်ရှားတဲ့ပြဿနာတွေရှိခဲ့ပါတယ်။ ယူနိုက်တက်မှာပြဿနာတွေရှိခဲ့တာမှန်ပေမယ့် အဲဒီပြဿနာထဲမှာ သူကလည်း တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်"

"အထူးသဖြင့် သူက ယူနိုက်တက်မှာ အကြာကြီးနေခဲ့တဲ့ အတွေ့အကြုံရှိကစားသမားတစ်ယောက်ဖြစ်ပေမယ့် အသင်းရဲ့ကစားသမားသစ်တွေကို ယူနိုက်တက်ဆိုတာ ဘယ်လိုအဆင့်အတန်းမှာရှိနေတဲ့အသင်းတစ်သင်းလဲဆိုတာ ပြသနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် သူလုပ်ပြနိုင်ခဲ့တာတွေလည်း ရှိပါသေးတယ်။ အခုချိန်မှာ သူအင်္ဂလန်အသင်းမှာ နေရာပြန်ရပြီး ဒုတိယအကြိမ်အခွင့်အရေးရနေပါတယ်။ ဒါက သူနဲ့ထိုက်တန်ပါတယ်"

"သူ့ရဲ့ဘောလုံးပါရမီက သံသယဝင်စရာမလိုပါဘူး။ အရမ်းတော်တဲ့ကစားသမားပါ။ ဒါပေမယ့် သူ့ရဲ့အမူအရာတွေနဲ့ အသင်းကိုနောက်တန်းအထိဆင်းပြီး မကူညီချင်ခဲ့တဲ့ စိတ်ဓာတ်တွေက ပရိသတ်တွေကိုပါ စိတ်ပျက်စေခဲ့ပါတယ်။ ဒါတွေကိုသာ သူအချိန်မီပြင်ဆင်ခဲ့မယ်ဆိုရင် ကမ္ဘာ့အဆင့်ကစားသမားတစ်ယောက်မဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့နံနက်က လတ်ဗီယာကို ၅-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ဟာ အင်္ဂလန်အတွက် လူစားဝင်ကစားသမားအဖြစ် ပွဲကစားချိန် ၇၁ မိနစ်မှာစတင်ပါဝင်ခွင့်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ယူနိုက်တက်မှာ ပွဲထွက်ခွင့်ရဖို့ရုန်းကန်ခဲ့ရတဲ့ အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ယခုအခါမှာတော့ ဘာစီလိုနာသို့ တစ်ရာသီအငှားစာချုပ်နဲ့ရောက်ရှိနေပြီး ထိပ်တန်းခြေစွမ်းကို ပြန်လည်ပြသနေပြီဖြစ်လို့ အင်္ဂလန်အသင်းမှာ ပြန်လည်ရွေးချယ်ခံထားရတာဖြစ်ပါတယ်။

ဆက်လက်ပြီး ကိန်းက "ပြီးခဲ့တဲ့ရာသီက သူယူနိုက်တက်မှာ အစည်းအဝေးတွေ ၂ ခု ၃ ခုလောက်နောက်ကျခဲ့ပါတယ်။ ပြဿနာဖြစ်နေတဲ့ပတ်ဝန်းကျင်မှာ သူကိုယ်တိုင်က ပရိုမဆန်ဘဲ ဒီလိုပြဿနာတွေထပ်ဖန်တီးနေခဲ့ပါတယ်။ ဒါက တည်ငြိမ်မှုမရှိတဲ့ပတ်ဝန်းကျင်ကို အကူအညီမဖြစ်စေပါဘူး။ ရင့်ကျက်ဖို့ လိုအပ်နေသေးတယ်ဆိုတာ သိသာစေပါတယ်။ ဒါပေမယ့် သူကအခုမှ အသက်-၂၇ နှစ်ပဲရှိသေးတော့ တိုးတက်ဖို့အချိန်တွေအများကြီးကျန်ပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ ရက်ရှ်ဖို့ဒ်ဟာ ထိပ်တန်းခြေစွမ်းနဲ့အတူ ဘာစီလိုနာမှာ ပွဲထွက်ခွင့်အများဆုံးရရှိထားတဲ့ ကစားသမားဖြစ်နေပြီး ဒီရာသီဘာစီလိုနာရဲ့ပြိုင်ပွဲစုံမှာ ၃ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၅ ကြိမ်အထိပြုလုပ်ထားနိုင်ပါတယ်။