
ဒဏ်ရာမသက်သာတာကြောင့် ဂျီရိုနာ၊ အိုလံပီယာကော့စ်တို့နဲ့ပွဲစဉ်တွေကိုလွဲချော်သွားနိုင်တဲ့ ရာဖင်ဟာ
ဘာစီလိုနာရဲ့အားထားရတဲ့ တောင်ပံကစားသမား ရာဖင်ဟာဟာ ဒဏ်ရာပြဿနာမှ သက်သာပျောက်ကင်းခြင်းမရှိသေးတာကြောင့် အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းနိုင်ခြင်းမရှိသေးဘဲ လာမယ့် ဂျီရိုနာ၊ အိုလံပီယာကော့စ်တို့နဲ့ယှဉ်ပြိုင်သွားရမယ့်ပွဲစဉ်တွေကို လွဲချော်သွားနိုင်ချေရှိတယ်လို့သိရပါတယ်။
ဘရာဇီးသားအနေနဲ့ ရီးရဲလ်မက်ဒရစ်နဲ့ယှဉ်ပြိုင်သွားရမယ့် အယ်လ်ကလက်စီကိုပွဲစဉ်မှာပြန်လည်ပါဝင်ကစားနိုင်ဖို့သေချာသလောက်ရှိနေပမယ့် လောလောဆယ်အထိတော့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပါဝင်နိုင်ခြင်းမရှိဘဲ တစ်ကိုယ်တော်လေ့ကျင့်ရေးတွေပြုလုပ်နေရတာဖြစ်ပါတယ်။ ဘာစီလိုနာရဲ့နည်းပြအဖွဲ့ကတော့ ရာဖင်ဟာကို ဂျီရိုနာ၊ အိုလံပီယာကော့စ်တို့နဲ့ပွဲစဉ်တွေမှာ ရာဖင်ဟာကို ထည့်သွင်းအသုံးပြုဖို့ မဖြစ်နိုင်ကြောင်း ယူဆထားကြပြီး အယ်လ်ကလက်စီကိုပွဲစဉ်အတွက်အဆင်သင့်ဖြစ်စေဖို့သာ တွန်းအားပေးထားပါတယ်။ နည်းပြချုပ် ဟန်ဆီဖလစ်အနေနဲ့လည်း ရာဖင်ဟာရဲ့အရေးပါမှုကို အလေးထားပေမယ့် ဒဏ်ရာပြဿနာနဲ့ကစားခိုင်းဖို့ကိုတော့ ဆန္ဒမရှိဘူးလို့သိရပါတယ်။
ဒါကြောင့် ရာဖင်ဟာအနေနဲ့ လောလောဆယ်မှာတော့ အသင်းရဲ့အားကစားရုံမှာသာ တစ်ကိုယ်တော်လေ့ကျင့်ရေးအစီအစဉ်တွေဆက်လက်ပြုလုပ်သွားရမှာဖြစ်ပြီး ကြံ့ခိုင်မှုအပြည့်အဝပြန်လည်ရရှိမှသာ ကွင်းထဲသို့ခြေချနိုင်မှာဖြစ်ပါတယ်။ သို့သော်တစ်ချိန်တည်းမှာပဲ ဖာမင်လိုပက်ဇ်နဲ့ လာမိုင်းယာမယ်လ်တို့က လေ့ကျင့်ရေးအစီအစဉ်တွေ အပြည့်အဝပြန်လည်ပြုလုပ်နေပြီဖြစ်လို့ ဘာစီလိုနာအတွက် အပြုသဘောဆောင်တဲ့အခြေအနေတွေလည်းကျန်ရှိနေပါသေးတယ်။
လာမယ့်လာလီဂါပွဲစဉ်မှာ ဘာစီလိုနာဟာ ဂျီရိုနာနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဂျီရိုနာဟာ ဗလန်စီယာကိုအနိုင်ရပြီး စိတ်အားတက်ကြွနေမှာဖြစ်လို့ ဟန်ဆီဖလစ်ရဲ့အသင်းအတွက် ခက်ခဲတဲ့စိန်ခေါ်မှုတစ်ခုဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ဘာစီလိုနာဟာ အသင်းရဲ့အဓိကတိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးကို ဒဏ်ရာပြဿနာကြောင့် ၁ လခန့်အထိ လက်လွတ်ဆုံးရှုံးထားရဦးမှာဖြစ်လို့ တိုက်စစ်ပိုင်း ဒဏ်ရာအကျပ်အတည်းနဲ့ ဆက်လက်ရင်ဆိုင်သွားရဦးမှာဖြစ်ပါတယ်။
ရာဖင်ဟာကိုဆုံးရှုံးရခြင်းက ဘာစီလိုနာအတွက် အမှန်တကယ် ခက်ခဲတဲ့အခြေအနေတစ်ခုဖြစ်ပေမယ့် အခြားကြယ်ပွင့်ကစားသမားတွေကိုပြန်လည်ရရှိထားခြင်းက အယ်လ်ကလက်စီကိုပွဲစဉ်မတိုင်မီ ကြီးမားတဲ့တွန်းအားတွေဖြစ်လာစေနိုင်ပါတယ်။