
အယ်လ်ကလက်ဆီကိုပွဲမတိုင်ခင် နောက်ထပ်ဒဏ်ရာပြဿနာရှိလာတဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ အယ်လ်ကလက်ဆီကိုပွဲမတိုင်ခင် နောက်ထပ်ကစားသမားတစ်ဦးဒဏ်ရာထပ်မံရရှိခဲ့ပြီး ဖာရန်တောရက်စ်တစ်ယောက် ကြွက်သားဒဏ်ရာကြောင့် လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ အိုလ်မိုဒဏ်ရာရရှိနေချိန်မှာပဲ နောက်ထပ်စတားတစ်ဦးဖြစ်တဲ့ ဖာရန်တောရက်စ်က ဒဏ်ရာထပ်မံရရှိခဲ့ပြန်တာဖြစ်ပါတယ်။
ဂျော်ဂျီယာနဲ့ပွဲမှာ ကြွက်သားအခြေအနေအဆင်မပြေခဲ့ပြီးနောက် တောရက်စ်ဟာ ဘူလ်ဂေးရီးယားနဲ့ပွဲ လူစာရင်းကနေ နုတ်ထွက်ခဲ့ပါတယ်။ စပိန်အသင်းဘက်ကတော့ ဘာစီလိုနာစတားဟာ ဂျော်ဂျီယာနဲ့ပွဲမှာ မိနစ် ၉၀ ပြည့်ပါဝင်ခဲ့ပေမယ့် စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီးနောက် ပြင်းထန်တဲ့ဒဏ်ရာမရှိဘူးလို့ ထုတ်ပြန်ခဲ့ပါတယ်။
အယ်လ်ကလက်ဆီကိုနဲ့ပွဲမတိုင်ခင် ဘာစီလိုနာအသင်းမှာ အဓိကကစားသမားတော်တော်များများဒဏ်ရာရရှိနေတာကြောင့် ဖလစ်အတွက် ဖိအားတွေများလာခဲ့ပါတယ်။ ဘာစီလိုနာအသင်းမှာ အိုလ်မို ၊ လိုပက်ဇ် ၊ ဂါဗီ နဲ့ အခု တောရက်စ်ပါဒဏ်ရာရရှိနေခဲ့တာဖြစ်ပြီး တိုက်စစ်ပိုင်းအတွက် စိုးရိမ်စရာဖြစ်လာပါတယ်။ တောရက်စ်ဟာ ဘာစီလိုနာတိုက်စစ်ရဲ့အားထားရတဲ့ကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး ဖလစ်လက်အောက်မှာ ခြေစွမ်းကောင်းပြန်လည်ရှာဖွေထားနိုင်ခဲ့ပါတယ်။
လာလီဂါမှာ စပိန်သားဟာ ဘာစီလိုနာအတွက် ၁၀ ပွဲမှာ ၆ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ထားခဲ့တာဖြစ်ပါတယ်။ အိုလ်မိုအနေနဲ့ ကြွက်သားဒဏ်ရာအခြေအနေကြောင့် ၃ ပတ် ၊ ၄ ပတ်လောက်နားရနိုင်တာဖြစ်ပြီး အယ်လ်ကလက်ဆီကိုပွဲကို လွဲချော်ချေများနေပါတယ်။ ဒဏ်ရာပြဿနာတွေများနေပေမယ့် ဆယ်ကျော်သက်စတား ယာမဲလ်ပြန်လာနိုင်မှာက ဘာစီလိုနာအတွက် သတင်းကောင်းဖြစ်လာပါတယ်။
အခြားတစ်ဖက်မှာလည်း ပြိုင်ဘက်ရီးရဲလ်က ကာဗာဂျယ် ၊ အာနိုးလ်တို့ဒဏ်ရာပြဿနာရှိနေပြီး ခံစစ်အတွက် ဗယ်လ်ဗာဒီကိုသာ အားထားရဖွယ်ရှိနေပါတယ်။ အခုပထမဆုံးအယ်လ်ကလက်ဆီကိုပွဲက အစောပိုင်းလာလီဂါချန်ပီယံဆုအတွက် သက်ရောက်မှုရှိနိုင်တာဖြစ်ပါတယ်။ လက်ရှိအမှတ်ပေးဇယားကို ရီးရဲလ်အသင်းက ၂၁ မှတ်နဲ့ ဦးဆောင်နေပြီး ဘာစီလိုနာက သူ့နောက်မှာ ၁၉ မှတ်နဲ့ ရပ်တည်နေပါတယ်။