The network connection is lost.

Banner Image

ဒဏ်ရာပြဿနာကြောင့် ၃ ပတ်ခန့်အထိ အနားယူသွားရမယ့် လီဝန်ဒေါစကီး

ဘာစီလိုနာတိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးဟာ ဒဏ်ရာပြဿနာကြောင့် ၃ ပတ်လောက်အထိ အနားယူသွားရမှာဖြစ်လို့ ဘာစီလိုနာရဲ့ ဩဂုတ်လအတွင်း လာလီဂါပွဲစဉ်များကို လွဲချော်သွားပြီး စက်တင်ဘာလမှသာ ပြန်လည်ကစားနိုင်မယ်လို့သိရပါတယ်။

၂၀၂၅-၂၆ ဘောလုံးရာသီက လာလီဂါပြိုင်ပွဲက မကြာမီမှာပဲ စတင်တော့မှာဖြစ်ပေမယ့် လီဝန်ဒေါစကီးတစ်ယောက် ပြိုင်ပွဲစဖို့  တစ်ပတ်အလိုမှာပဲ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ကြောင်း  Football Espana က ဖော်ပြလာခဲ့တာဖြစ်ပါတယ်။ ပိုလန်လက်ရွေးစင်တိုက်စစ်မှူးဟာ ကိုမိုကို ၅-၀ နဲ့အနိုင်ရခဲ့တဲ့ နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်ကို လွဲချော်ခဲ့သလို၊ မာယော့ကာနဲ့ယှဉ်ပြိုင်သွားရမယ့် လာလီဂါအဖွင့်ပွဲမှာလည်း ပါဝင်နိုင်မှာမဟုတ်ပါဘူး။ 

ဘာစီလိုနာဘက်ကတော့ ကစားသမားဟာ တံကောက်ကြောဒဏ်ရာကြောင့် ၂ ပတ်မှ ၃ ပတ်အထိ အနားယူသွားရနိုင်ကြောင်း အတည်ပြုထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ရာသီက လာလီဂါဖလားကိုဆွတ်ခူးထားနိုင်ခဲ့တဲ့ ဘာစီလိုနာအနေနဲ့ ချန်ပီယံဂုဏ်ပုဒ်ကို ဆက်လက်ထိန်းသိမ်းဖို့ ရာသီအစမှာကတည်းက တွန်းအားပေးလုပ်ဆောင်လာမှာဖြစ်ပေမယ့် လီဝန်ဒေါစကီးကိုလက်လွှတ်ထားရမှာဖြစ်လို့ ရုန်းကန်မှုအချို့နဲ့ကြုံတွေ့သွားရနိုင်ပါတယ်။ 

တစ်ချိန်တည်းမှာပဲ နောက်ထပ်တိုက်စစ်မှူးတစ်ဦးဖြစ်တဲ့ ဖာရန်းတောရက်စ်ကလည်း ဒဏ်ရာရနေသလို၊ ယူနိုက်တက်မှအငှားနဲ့ခေါ်ယူထားခဲ့တဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်ကလည်း လာလီဂါမှာကစားခွင့်ရဖို့ မှတ်ပုံတင်ထားခြင်းမရှိသေးပါဘူး။ လီဝန်ဒေါစကီးဟာ လာမယ့်ဩဂုတ်လ ၂၁ ရက်နေ့မှာ အသက်-၃၇ နှစ်ပြည့်မှာဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် ၈၉၄ ပွဲကစား၊ ၆၄၃ ဂိုးအထိသွင်းယူထားနိုင်တာကြောင့် လက်ရှိဘောလုံးမျိုးဆက်ရဲ့ အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးလည်းဖြစ်ပါတယ်။ 

မကြာသေးမီက ပိုလန်သားဟာ ဆော်ဒီအာရေဗျသို့ပြောင်းရွှေ့ပြီး ကစားသမားဘဝနေဝင်ချိန်ကို ကုန်ဆုံးသွားမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ယခုအခါမှာ ထိပ်တန်းဘောလုံးလောကကို ဆက်လက်ကိုင်လှုပ်ဖို့ ဘာစီလိုနာနဲ့ လက်တွဲနေဆဲဖြစ်ပါတယ်။ လီဝန်ဒေါစကီးအနေနဲ့ ပြီးခဲ့တဲ့ရာသီကအတိုင်း ဘာစီလိုနာကို ဆက်လက်ကူညီပေးနိုင်ဖို့ ဒဏ်ရာပြဿနာမှ အမြန်ဆုံးပြန်လာနိုင်အောင်ကြိုးစားသွားရမှာဖြစ်ပြီး ဘာစီလိုနာအနေနဲ့လည်း ကစားသမားသစ် ရက်ရှ်ဖို့ဒ်ကို လာလီဂါမှာ မှတ်ပုံတင်စာရင်းပြုလုပ်ပေးဖို့ ကြိုးစားသွားရဦးမှာဖြစ်ပါတယ်။