The network connection is lost.

Banner Image

ဒယ်လီအလီရဲ့ကျရှုံးမှုက ထိတ်လန့်စရာဖြစ်တယ်လို့ဆိုလိုက်တဲ့ စတီဖန်ကား

တော့တင်ဟမ်နောက်ခံလူဟောင်း စတီဖန်ကားက ယခင်ကအသင်းရဲ့တောက်ပတဲ့ကြယ်ပွင့်ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ ခေါ်ယူမယ့်အသင်းမရှိတာကြောင့် အသင်းရှာဖွေနေရတဲ့ ကွင်းလယ်လူ ဒယ်လီအလီရဲ့ကျရှုံးမှုက ထိတ်လန့်စရာဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။

အလီဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်မှထွက်ခွာလာခဲ့ပြီး အီတလီကလပ် ကိုမိုနဲ့ ၁၈ လသက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုခဲ့ပါတယ်။ သို့သော်လည်း ကစားသမားဟာ ကိုမိုအတွက် တစ်ပွဲသာပါဝင်ကစားခဲ့ရပြီးနောက်မှာ စာချုပ်ဖျက်သိမ်းခံခဲ့ရတာကြောင့် လက်ရှိအချိန်မှာ အသင်းသစ်ကိုရှာဖွေနေရပါတယ်။

ယခုအခါမှာ ပိုမိုမှောင်မိုက်လာတဲ့ အလီရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကားက "အလီကျဆုံးသွားပုံက ထိတ်လန့်စရာပါ။ သူကအခုမှ အသက်-၂၉ နှစ်ပဲရှိပါသေးတယ်။ သူ့ရဲ့အကောင်းဆုံးအရွယ်ကို ကျော်လွန်သွားရုံလေးပဲရှိသေးတာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းသူ့ကစားခဲ့ရတဲ့ ပွဲအရေအတွက်က အရမ်းနည်းပါတယ်" 

"ဒီလိုဖြစ်သွားတာ တော်တော်ခက်ပါတယ်။ ဒဏ်ရာရသွားတာနဲ့မတူပါဘူး။ သူ့အနေနဲ့ လေ့ကျင့်မှုအားလုံးလုပ်ရပါတယ်။ ကြံ့ခိုင်မှုပြန်ရဖို့အချိန်ယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘောလုံးကစားခွင့်တွေတော့လွဲချော်ခဲ့ပါတယ်။ သူ့ရဲ့စကားသံတွေအရတော့ သူက ကစားဖို့ဆန္ဒရှိနေတုန်းပဲလို့ ထင်ပါတယ်။ အခုဆို အခွင့်အရေးတွေ တဖြည်းဖြည်းနည်းလာခဲ့ပါပြီ"

"ကိုမိုမှာ ကစားခွင့်ရခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ အရင်က အရှိန်အဟုန်နဲ့ စံချိန်စံနှုန်းကိုပြန်ရဖို့ အခက်ခဲသွားပါပြီ။ ဘာကြောင့်လဲဆို‌တော့ ခန္ဓာကိုယ်က ဒီအဆင့်မှာအမြဲတမ်းကစားနေမှ ပုံမှန်အတိုင်းကစားနိုင်တာပါ။ ဒီလိုမှမဟုတ်ရင် အဲဒီလိုအခြေအနေကိုပြန်ရောက်ဖို့မလွယ်တော့ပါဘူး။ သူ့အကြောင်းကို ကျွန်တော်အသေးစိတ်မသိပေမယ့် အခုချိန်မှာအမြင့်ဆုံးဘောလုံးအဆင့်ကိုပြန်ရောက်လာရင် သူဒဏ်ရာတွေရပါလိမ့်မယ်။ သူ့ရဲ့ခန္ဓာကိုယ်က အမြင့်ဆုံးဘောလုံးအဆင့်မှာကစားဖို့ ကျင့်သားမရတော့ပါဘူး။ ခန္ဓာကိုယ်လုံးဝပျက်စီးသွားနိုင်ပါတယ်"

"အခြားအသင်းတစ်သင်းကသူ့ကို အခွင့်အရေးပေးမလားဆိုတာတော့စောင့်ကြည့်ရပါမယ်။ သူကထိပ်တန်းကစားသမားပါ။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်ကစားပေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒါကအတိတ်မှာကျန်ခဲ့ပါပြီ။ အခုချိန်မှာတော့ သူနောက်ထပ်အခွင့်အရေးရလာမလားပဲ မျှော်လင့်ရတော့မှာပါ" လို့ပြောကြားခဲ့ပါတယ်။ 

လက်ရှိအချိန်မှာတော့ အလီဟာ အင်္ဂလန်ချန်ပီယံရှစ်ကလပ်တွေနဲ့ ဆွေးနွေးမှုတွေပြုလုပ်နေတယ်လို့သတင်းတွေထွက်ပေါ်ထားပြီး ကစားသမားဟာ ဝရက်ဇ်ဟမ်းနဲ့ ဘာမင်ဂမ်တို့လိုအသင်းတွေနဲ့ ချိတ်ဆက်နေတာဖြစ်ပါတယ်။