
နွေရာသီမှာ လိုက်ပ်ဇစ်စတားကို ခေါ်ယူမယ့် ထိပ်တန်းအသင်းကြီးများ
အာဆင်နယ် ၊ ချဲလ်ဆီး နဲ့ ယူနိုက်တက်တို့ဟာ လာမယ့်နွေရာသီမှာ လိုက်ပ်ဇစ်စတား ဆက်စ်ကိုအားခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဆက်စ်ကိုဟာ လိုက်ပ်ဇစ်အတွက် ၂ ရာသီအတွင်း ၃၅ ဂိုးအထက်သွင်းယူနိုင်ခဲ့တာကြောင့် အသင်းတော်တော်များများက မျက်စိကျနေပါတယ်။ အာဆင်နယ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့တုန်းက အသက် ၂၁ နှစ်သားကို ချိတ်ဆက်ခဲ့ပေမယ့် အဆင်မပြေခဲ့တာဖြစ်ပါတယ်။
အာတီတာဟာ ပြီးခဲ့တဲ့ ၂ ရာသီအတွင်း ဦးစားပေးတိုက်စစ်နေရာမှာ ကိုင်ဟာဗက်ဇ်ကိုသာ အသုံးပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဂျာမန်သားဟာ ဂိုးသွင်းနှုန်းအလယ်အလတ်အဆင့်မှာသာ ရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ အီဆက်ကိုလည်း စိတ်ဝင်စားနေပေမယ့် ပေါင်သန်း ၁၂၀ လောက်အထိသုံးရဖွယ်ရှိနေတာကြောင့် ဆက်စ်ကိုအား အရန်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
အာဆင်နယ်တစ်သင်းတည်း တိုက်စစ်မှူးသစ်ခေါ်ယူဖို့ လုပ်ဆောင်နေတာမဟုတ်ပဲ ယူနိုက်တက် နဲ့ ချဲလ်ဆီးတို့ကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။ ယူနိုက်တက်မှာ ဟွိုက်လန်း နဲ့ ဇီကာဇီးတို့ရှိနေပေမယ့် ၂ ဦးပေါင်း ဒီရာသီ ၅ ဂိုးသာသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးမှာလည်း ဂျက်ဆင်တစ်ယောက် ရုန်းကန်နေရပြီး ကြံ့ခိုင်မှုကော စွမ်းဆောင်ရည်ပိုင်းပါ ကျဆင်းနေတာဖြစ်ပါတယ်။
အဆိုပါအခြေအနေတွေကြောင့် ဆလိုဗေးနီးယားသားကို စိတ်ဝင်စားနေကြတာဖြစ်ပြီး လိုအပ်တဲ့ငွေကြေးပမာဏကို ရှာဖွေနေကြကပါတယ်။ ဂျာမန်အပြောင်းအရွှေ့အကျော်အမော် ပလက်တန်ဘာ့ဂျ်ကတော့ ဆက်စ်ကို နဲ့ လိုက်ပ်ဇစ်တို့ကြား စာချုပ်ဖျက်သိမ်းကြေးက ၂၀၂၉ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ စာချုပ်ထဲမှာ ပေါင် ၅၈ သန်းရှိနေပေမယ့် တကယ်တမ်းခေါ်ယူမယ်ဆိုရင် ပေါင် ၆၆ သန်းအထိ မြင့်တက်သွားဖွယ်ရှိနေပါတယ်။
အာဆင်နယ်ဟာ ဆက်စ်ကိုကိုခေါ်ယူဖို့ ရှေ့ပြေးနေတာဖြစ်ပြီး ကစားသမားကလည်း အာဆင်နယ်မှာလာကစားဖို့များနေပါတယ်။ “ဗစ်တာအိုဆီမင် ၊ ဆက်စ်ကို ၊ ဗလာဟိုဗစ်တို့ကို အာဆင်နယ်က ချိတ်ဆက်နေပါတယ်။ အာတီတာအတွက် သူတို့ထဲကတစ်ယောက်ယောက် ဂိုး ၂၀ ကနေ ၂၅ ဂိုးလောက် အာမခံနိုင်မယ်ဆိုရင် အဲ့တာက အဆင်ပြေနိုင်ပါတယ်။ ဒါပေမယ့် ဘယ်သူမှအာမမခံနိုင်ပါဘူး။ အာဆင်နယ်က နောက်တစ်ဆင့်ခေါ်ယူပေးနိုင်မယ့်တိုက်စစ်မှူးမျိုး လိုအပ်နေတာပါ။ အဲ့လိုမှလည်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်မှာပါ။ ရွေးချယ်မှုတစ်ခုချင်းစီမှာတော့ သူ့အရည်အချင်းနဲ့သူရှိနေပါတယ်။
ဒါပေမယ့် ဂိုးသွင်းနှုန်းတည်ငြိမ်တဲ့တိုက်စစ်မှူးမျိုးနဲ့မှ အာဆင်နယ်က ချန်ပီယံဖြစ်နိုင်မှာပါ”လို့ ဝင်းတားဘန်းက ပြောကြားခဲ့ပါတယ်။