ဘက်ဆစ်တက်အသင်းဆီ သုံးနှစ်စာချုပ်ဖြင့် အပြီးသတ်ပြောင်းရွှေ့သွားတဲ့ ဂျူဗင်တပ်စ်တိုက်စစ်မှူးဟောင်းဗလာဟိုဗစ်
ဆားဘီးယားလက်ရွေးစင်တိုက်စစ်မှူးဗလာဟိုဗစ်က အီတာလျံကလပ်ဂျူဗင်တပ်စ်အသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့အတူ ရုန်းကန်ခဲ့ရတဲ့ နောက်ဆုံးနှစ်ကို အဆုံးသတ်ပြီးနောက် ကြာသပတေးနေ့မှာပဲ တူရကီပြည်တွင်းကလပ် ဘီဆစ်ဆက်အသင်းနဲ့ သုံးနှစ်သက်တမ်းရှိစာချုပ်ကို ချုပ်ဆိုလိုက်ပါတယ်။ အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးက ဂျူဗင်တပ်စ်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်၊ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာလာသူဖြစ်ပြီး ဘက်ဆစ်တက်မှာ တစ်နှစ်လုပ်ခ ယူရို ၇ ဒဿမ ၅ သန်း ရရှိမယ်လို့ အသင်းရဲ့ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။
ဗုဒ္ဓဟူးညပိုင်း၊ အစ္စတန်ဘူလ်မြို့ဆီ ရောက်ရှိလာချိန် လက်ရွေးစင်အဆင့် ၄၁ ပွဲ ကစားထားတဲ့ ဗလာဟိုဗစ်ကို ပရိသတ်အများအပြား လာရောက်ကြိုဆိုခဲ့ကြပါတယ်။ ဗလာဟိုဗစ်က "ကျွန်တော်တို့ ချန်ပီယံဖြစ်ချင်ပါတယ်" လို့လည်း ကြွေးကြော်ခဲ့ပါတယ်။
တူရကီမှာတော့ ဗလာဟိုဟစ်က ပြီးခဲ့တဲ့ဇူလိုင်လအတွင်း အာဆင်နယ်မှရောက်ရှိလာတဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးထရော့ဆက်ဒ်နဲ့ တွဲဖက်ကစားသွားရပါမယ်။
ဗလာဟိုဗစ်က ၂၀၂၂ ခုနှစ်၊ နွေရာသီမှာ ဖီအိုရင်တီးနားမှ ဂျူဗင်တပ်စ်ဆီ ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် ၁၆၈ ပွဲကစား၊ ၆၈ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီမှာ သွင်းဂိုး ၁၆ ဂိုးဖြင့် စီးရီးအေရဲ့ ဒုတိယသွင်းဂိုးအများဆုံးကစားသမား ဖြစ်ခဲ့ပေမဲ့ နောက်ပိုင်းမှာ တိုက်စစ်မှူးနေရာအတွက် ဦးစားပေးအဆင့်သတ်မှတ်ချက် လျော့ကျသွားခဲ့ပါတယ်။
ပြီးခဲ့သည့်ဧပြီလအတွင်း ပေါင်ဒဏ်ရာကြောင့် အချိန်အတော်ကြာ အနားယူနေရာမှ ပြန်လာနိုင်ခဲ့ပေမဲ့ နောက်ထပ် ခြေသလုံးကြွက်သားဒဏ်ရာ ထပ်မံရရှိခဲ့လို့ ယမန်နှစ်ဘောလုံးရာသီအတွင်း လိဂ်သွင်းဂိုး ၇ ဂိုးသာ ရရှိခ့ပါတယ်။
၂၀၂၁ ခုနှစ်မှာ နောက်ဆုံးအကြိမ် တူရကီချန်ပီယံဖြစ်ခဲ့တဲ့ ဘက်ဆစ်တက်အသင်းက မြို့ခံပြိုင်ဘက်တွေဖြစ်တဲ့ ဂါလာတာစာရေး၊ ဖီနာဘာချီတို့နဲ့ ယှဉ်ပြိုင်နိုင်ဖို့ ရုန်းကန်နေရပါတယ်။