The network connection is lost.

Banner Image

လမ်းပတ်တစ်ယောက် ချဲလ်ဆီးသို့ပြန်သွားမယ်ဆိုတဲ့သတင်းတွေကို စိတ်ပူခြင်းမရှိကြောင်း ကိုဗင်ထရီဥက္ကဌပြော

ကိုဗင်ထရီအသင်းရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါ့ဂ်ကင်းကတော့ သူတို့ရဲ့ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်ကို ချဲလ်ဆီးအသင်းရဲ့ နည်းပြရာထူးနဲ့ သတင်းတွေ ထွက်ပေါ်နေတာကို စိုးရိမ်ပူပန်ခြင်းမရှိဘူးလို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ချယ်လ်ဆီးနည်းပြ ရိုဆင်းနီးယားဟာ ပရီးမီးယားလိဂ် ၅ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ ရာထူးကနေ ဖယ်ရှားခံလိုက်ရပါတယ်။ ဒီရှုံးနိမ့်မှုတွေကြောင့် ချယ်လ်ဆီးအနေနဲ့ နောက်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ကလည်း မဖြစ်နိုင်သလောက် ဖြစ်သွားခဲ့ပါပြီ။ ချယ်လ်ဆီးဟာ အဲဒီရှုံးနိမ့်ခဲ့တဲ့ ၅ ပွဲစလုံးမှာ ဂိုးတစ်ဂိုးမှ မသွင်းယူနိုင်ခဲ့ဘဲ ဒါဟာ ၁၉၁၂ ခုနှစ်နောက်ပိုင်း သူတို့ရဲ့ အဆိုးရွားဆုံး ဂိုးမရှိဘဲ ရှုံးနိမ့်ခဲ့တဲ့ မှတ်တမ်းလည်း ဖြစ်ပါတယ်။

ရိုဆင်းနီးယားကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးတဲ့နောက်မှာတော့ ချယ်လ်ဆီးနည်းပြသစ် ဖြစ်လာမယ့်သူတွေအဖြစ် နာမည်အများကြီး ထွက်ပေါ်နေပြီး အဲ့ဒီထဲမှာ အသင်းရဲ့ ကွင်းလယ်လူဟောင်းနဲ့ ဂန္ထဝင်ကစားသမားဖြစ်သူ လမ်းပတ်လည်း ပါဝင်နေတာပါ။ လမ်းပတ်ကတော့ အခုလက်ရှိ ကိုဗင်ထရီအသင်းနဲ့အတူ ချန်ပီယံရှစ်ဖလားကို ဆွတ်ခူးပေးထားနိုင်သလို ပရီးမီးယားလိဂ်ကို တက်လှမ်းနိုင်အောင်လည်း လုပ်ဆောင်ပေးထားသူဖြစ်ပြီး အနောက်လန်ဒန်ကလပ် ချယ်လ်ဆီးကို ကိုင်တွယ်ဖို့ ရေပန်းအစားဆုံးသူတစ်ဦးလည်း ဖြစ်နေပါတယ်။

ဒါပေမဲ့လည်း လမ်းပတ်အနေနဲ့ ချယ်လ်ဆီးကို ပြောင်းရွှေ့ဖို့က မဖြစ်နိုင်သလောက်ပါပဲ။ ဥက္ကဋ္ဌ ဒေါ့ဂ်ကင်းကတော့ သူတို့အသင်း ပရီးမီးယားလိဂ်တက်ဖို့ သေချာသွားပြီဖြစ်လို့ ဒီသတင်းတွေကို ဒီအပတ်ထဲမှာပဲ ပယ်ချလိုက်ပါတယ်။

“လမ်းပတ်ဟာ ဒီမြို့နဲ့ ဘယ်လောက်တောင် သံယောဇဉ်ရှိနေလဲဆိုတာ ခင်ဗျားတို့ မြင်နိုင်ပါတယ်။ အသင်းကို ပရီးမီးယားလိဂ်တက်အောင် လုပ်ပေးနိုင်တာ၊ ချန်ပီယံဆု ရယူပေးနိုင်တာတွေက သူ့အတွက် ဘယ်လောက် အဓိပ္ပာယ်ရှိလဲဆိုတာလည်း တွေ့နိုင်မှာပါ။ ကျွန်တော့်အမြင်အရတော့ သူဟာ လက်ရှိမှာ ပျော်ရွှင်စရာနေရာလေးတစ်ခုကို ရှာတွေ့ထားပြီလို့ ထင်ပါတယ်။ နွေရာသီမှာ သူ့အတွက် မယုံနိုင်စရာ ကမ်းလှမ်းမှုတွေ မလာနိုင်ဘူးလို့တော့ ဆိုလိုတာ မဟုတ်ပါဘူး။ သူက အရည်အချင်းရှိတဲ့ နည်းပြတစ်ယောက်ဖြစ်ကြောင်း သက်သေပြထားနိုင်တဲ့အတွက် ရွေးချယ်မှုတွေကို သူကိုယ်တိုင်ပဲ လုပ်ရပါလိမ့်မယ်။ ဒါပေမဲ့ ဒီအပေါ်မှာ ကျွန်တော် ဘာမှ မှတ်ချက်မပေးလိုသလို၊ ကျွန်တော်လည်း ဒါကို ထိန်းချုပ်လို့ မရနိုင်ပါဘူး။ သူလည်း ပျော်နေတယ်၊ ကျွန်တော်လည်း ပျော်နေသလို၊ အားလုံးကလည်း ပျော်နေကြပါတယ်။ ကျွန်တော်တို့အားလုံးရဲ့ မျက်နှာမှာ အပြုံးတွေရှိနေကြပြီး နည်းပြနဲ့ ပတ်သက်ပြီး ဘာဖြစ်လာမလဲဆိုတာကိုလည်း ကျွန်တော်တို့ စိတ်မပူပါဘူး” လို့ ၎င်းက ဆိုပါတယ်။

လမ်းပတ်ကိုယ်တိုင်ကလည်း အရင်တုန်းက ဒီသတင်းတွေကို ငြင်းပယ်ခဲ့ဖူးပြီး ကိုဗင်ထရီအတွက် ဆုဖလားရယူပေးဖို့ကိုပဲ အာရုံစိုက်ခဲ့တာပါ။ ဒါကလည်း ချယ်လ်ဆီးက သူ့ကို ပိုပြီး အလိုရှိလာအောင် ဖြစ်စေခဲ့ပါတယ်။

“တစ်ရာသီလုံး ကျွန်တော်တို့ ကြိုးစားခဲ့တာတွေကြောင့် ဒီချန်ပီယံဆုကို အခုပဲ ရယူချင်ပါတယ်။ အခုလိုအချိန်မှာ အောင်မြင်အောင် မလုပ်နိုင်ခဲ့ရင် ကျွန်တော့်အတွက် စိတ်ပျက်စရာကောင်းနေပါလိမ့်မယ်။ ဒါက ကောင်းမွန်တဲ့ ဖိအားတစ်ခုဖြစ်ပြီး ဒီအကြောင်းကလွဲရင် တခြားဘာကိုမှ ကျွန်တော် မစဉ်းစားပါဘူး” လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။