တိုရေးအတွက် ငွေကြေးအများအပြားသုံးစွဲရလိမ့်မယ်လို့ လီဗာပူး၊ ယူနိုက်တက်တို့ဆီ သတိပေးလိုက်တဲ့ ဟော်ဖန်ဟိမ်းအကြီးအကဲ
ဟော့ဖန်ဟင်မ်အသင်းအားကစားဒါရိုက်တာအန်ဒရီးယပ်စ်ရှစ်ကာက ဘာဇူမာနာတိုရေးကို အခုနွေရာသီမှာ ထွက်ခွာခွင့်ပေးရမယ်ဆိုရင် ပြောင်းရွှေ့ကြေး အများအပြားကုန်ကျခံရလိမ့်မယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
ဂျာမနီအခြေစိုက် BILD သတင်းစာရဲ့ဖော်ပြချက်အရ လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်တို့က အခုဘောလုံးရာသီမှာ လူငယ်ကစားသမားလေးရဲ့စွမ်းဆောင်ရည်ကို စောင့်ကြည့်နေကြတယ်လို့ သိရပါတယ်။ ဒါကြောင့် တိုရေးကို ဝယ်ယူချင်တယ်ဆိုရင် ပုံမှန်ထက်ပိုတဲ့ ကမ်းလှမ်းမှုမျိုးရှိဖို့ လိုအပ်တယ်လို့ ရှစ်ကာက ရှင်းရှင်းလင်းလင်း ပြောကြားလိုက်ပါတယ်။
"တိုရေးမှာ တိုးတက်မှုတွေ အများကြီးရှိလာပါတယ်။ ကျွန်တော်တို့ သူ့ကို လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ဆွီဒင်မှ ခေါ်ယူလာခဲ့ပြီး သီတင်းပတ်တိုင်းမှာလည်း သူ့ရဲ့အရည်အသွေးကို မြင်တွေ့နေရပါတယ်" လို့ ရှစ်ကာက Sky Deutschland ဆီ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ၎င်းက "သူ့ကို စိတ်ဝင်စားမှုတွေရှိလာမယ်ဆိုရင်လည်း အဲဒီပြောင်းရွှေ့ကြေးက ဟော်ဖန်ဟိမ်းအသင်းသမိုင်းတစ်လျှောက် တစ်ခါမှမရှိခဲ့ဖူးတဲ့ အမြင့်ဆုံးအဆင့်မှာ ရှိနေရပါလိမ့်မယ်"လို့လည်း ဆိုပါတယ်။
လက်ရှိမှာ တိုရေးက အသင်းနဲ့ ၂၀၂၉ ခုနှစ် နွေရာသီအထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးချုပ်ဆိုထားပါတယ်။