The network connection is lost.

Banner Image

လွတ်လွတ်လပ်လပ်ကစားနိုင်ဖို့အတွက် နည်းပြကိုယ်တိုင် ခွင့်ပြုပေးထားတယ်လို့ ဆိုလိုက်တဲ့ ဂျော်အိုပက်ဒရို

ဂျော်အိုပက်ဒရိုက ချဲလ်ဆီးကစားသမားဘ၀ အဖွင့်ဘောလုံးရာသီကို သူ့ရဲ့ကစားသမားဘ၀သက်တမ်းတလျှောက် အကောင်းဆုံးရာသီတွေအနက် တစ်ခုဖြစ်တယ်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။

ယမန်နှစ်၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် ဘရိုက်တန်မှ ရောက်ရှိလာခဲ့တဲ့ ပက်ဒရိုက ဒီရာသီမှာ ချဲလ်ဆီးအတွက် အထင်ကြီးစရာ ခြေစွမ်းကောင်းတွေ ပြသနေပါတယ်။ လက်ရှိမှာ သူက ၁၄ ဂိုးသွင်းယူထားပြီး ပရီးမီးယားလိဂ်သွင်းဂိုးအများဆုံးကစားသမားစာရင်းရဲ့စတုတ္ထနေရာမှာ ရှိနေသလို ဂိုးဖန်တီးမှုအပိုင်းမှာလည်း ထိပ်တန်းကစားသမား ၁၀ ဦးစာရင်းအတွင်း ပါ၀င်နေပါတယ်။

"ကျွန်တော် တကယ်ကို ပျော်ရွှင်မိပါတယ်၊ ဒါက ကျွန်တော့်ဘဝရဲ့ အကောင်းဆုံးရာသီတွေအနက် တစ်ခုလို့ ထင်ပါတယ်။ ကျွန်တော့်အပေါ် မျှော်လင့်ချက်တွေ အများကြီးရှိနေတာကြောင့် အသင်းဖော်တွေကို ကူညီပေးနိုင်ဖို့ စိတ်ဓာတ်ကို အမြဲတမ်းတက်ကြွအောင် ထားပါတယ်" လို့ ပက်ဒရိုက chelseafc.com ကို ပြောပါတယ်။

"တကယ်လို့ ပွဲစဉ်တစ်ခုမှာ ကျွန်တော် ဂိုးမသွင်းနိုင်ရင် ရီစီဂျိမ်းစ်နဲ့ တခြားအသင်းဖော်တွေက ကျွန်တော့်ဆီလာပြီး 'ဂျော်အို၊ မင်း နောက်ပွဲမှာ ဂိုးသွင်းရမယ်နော်' လို့ အားပေးကြတယ်။ ကျွန်တော်ကတော့ ကိုယ့်ရဲ့ စွမ်းဆောင်ရည် မှတ်တမ်းတွေကို အကောင်းဆုံးဖြစ်အောင် ဆက်ထိန်းထားဖို့ ကြိုးစားသွားပါမယ်။ ကျွန်တော် ဒီကို ရောက်လာတာ ဆုဖလားတွေ ဆွတ်ခူးဖို့နဲ့ ချဲလ်ဆီးအတွက် အကောင်းဆုံး ပေးဆပ်ဖို့ပါ။ ငယ်ငယ်တုန်းက ပရီးမီးယားလိဂ်ကို ကြည့်ပြီး အင်္ဂလန်အခြေစိုက်ကလပ်အသင်းကြီးတစ်ခုမှာ ကစားသမားတစ်ဦး ဖြစ်လာဖို့ အိပ်မက်ရှိခဲ့ဖူးပါတယ်။ အခုတော့ ဒီအခိုက်အတန့်ဆီ ရောက်ရှိလာနေလို့ ဒါကို အကောင်းဆုံး ခံစားပြီး ဖြတ်သန်းသွားပါမယ်"

"ချဲလ်ဆီးဆီရောက်လာချိန် ဘေးနားမှာ အရည်အသွေးမြင့်ကစားသမားတွေ အများကြီးရှိနေလို့ အခြေအနေတွေ လုံးဝကွဲပြားသွားပြီး ကျွန်တော့်ရဲ့အလုပ်ကိုလည်း ပိုလွယ်ကူစေပါတယ်။ ဘောလုံးရတဲ့အချိန်မှာ ပျော်ပျော်ရွှင်ရွှင်ကစားသလို ဘရာဇီးမှာသင်ယူခဲ့တဲ့ နည်းစနစ်တွေကိုလည်း ကျွန်တော့်ရဲ့ကစားဟန်မှာ ထည့်သွင်းအသုံးပြုပါတယ်။ ရိုဆင်နီယာနဲ့ အတူတွဲလုပ်ရတာကိုလည်း အရမ်းသဘောကျပါတယ်။ ဘာလို့လဲဆိုတော့ သူက ကျွန်တော် ကောင်းကောင်းလုပ်နိုင်တဲ့အရာတွေကို လုပ်ခွင့်ရအောင် လွတ်လပ်ခွင့်ပေးထားလို့ပါ" လို့ ပက်ဒရိုက ဆက်လက်ပြောကြားခဲ့ပါတယ်။