The network connection is lost.

Banner Image

ချဲလ်ဆီးကိုအနိုင်ရခဲ့တာက ကွင်းသစ်အတွက် အပြောင်းအလဲဖော်ဆောင်သလိုဖြစ်စေခဲ့တယ်လို့ဆိုလာတဲ့ ဟိသ်

အဲဗာတန်ဂန္ထဝင်ကစားသမား အက်ဒရီယန်ဟိသ်က ချဲလ်ဆီးအသင်းအပေါ် အနိုင်ရရှိခဲ့တဲ့ပွဲဟာ Hill Dickinson ကွင်းသစ်ကြီးအတွက်တော့ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်လိုက်တဲ့ ထူးခြားတဲ့အချိန်ဖြစ်တယ်လို့ ခံစားမိကြောင်း ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့လက အဲဗာတန်အသင်း ချယ်လ်ဆီးကို ၃ ဂိုး ပြတ်နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်ကို ဟိသ် ကိုယ်တိုင် ကွင်းထဲသွားရောက်ကြည့်ရှုခဲ့တာပါ။

အဲ့ဒီပွဲစဉ်ရဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့ ပတ်သက်ပြီး တိုက်စစ်မှူးဟောင်းကြီးက Liverpool Echo သတင်းစာကို အခုလို ပြောပြခဲ့ပါတယ်။ "ကျွန်တော်က မင်နီဆိုတာမှာ အခြေချနေထိုင်နေတာဆိုပေမဲ့ အခုနှစ်မှာတော့ အလုပ်နားထားတဲ့အတွက် အင်္ဂလန်ကို ပြန်လာနိုင်ခဲ့ပါတယ်။ အခု Hill Dickinson ကွင်းမှာလည်း လေးပွဲလောက် သွားကြည့်ပြီးပြီလို့ ထင်ပါတယ်။"

"အခုနောက်ဆုံးကစားခဲ့တဲ့ ချယ်လ်ဆီးနဲ့ပွဲမှာတော့ ‘ငါတို့ အိမ်ကွင်းစစ်စစ်ကို ပြန်ရောက်နေသလိုပါပဲလား’ လို့ ပထမဆုံးအကြိမ် ခံစားလိုက်ရပါတယ်။ အီလီမန် အန်ဒီယေးက တတိယဂိုးကို လှလှပပကန်သွင်းလိုက်တဲ့အချိန်မှာ ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားသွားခဲ့တယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဒါက ဂူဒီဆင်ပါ့ခ်ကွင်းဟောင်းကြီး မဟုတ်တာတော့ မှန်ပါတယ်၊ ဒါပေမဲ့ အဲ့ဒီကွင်းဟောင်းမှာ ခံစားရတဲ့ ခံစားချက်မျိုးကို ဒီကွင်းသစ်မှာ ပထမဆုံးအကြိမ် ပြန်ရလိုက်တာပါ။"

"ကျွန်တော်တို့တွေ လမ်းမှန်ပေါ် ပြန်ရောက်လာပြီလို့ ကျွန်တော် တွေးမိပါတယ်။ ဒါက မလွယ်ပါဘူး။ ဘာလို့လဲဆိုတော့ ပရိသတ်တွေရော ကလပ်အသင်းအတွက်ပါ အဓိပ္ပာယ်အများကြီးရှိခဲ့တဲ့ နှစ်ပေါင်း ၁၃၀ ကျော် သမိုင်းကြောင်းနဲ့ ပွဲပေါင်းများစွာရှိခဲ့တဲ့ အငွေ့အသက်တွေကို ပြန်ရဖို့ဆိုတာ မလွယ်လို့ပါ။ ခြောက်လလောက်နဲ့တော့ အဲ့ဒီလိုခံစားချက်မျိုး ချက်ချင်းမရနိုင်ပါဘူး။ ဒါပေမဲ့ ချယ်လ်ဆီးကို ၃ ဂိုး ပြတ်နဲ့ အနိုင်ရလိုက်တာဟာ ကျွန်တော်တို့ အရင်ကလို အစဉ်အလာကြီးမားတဲ့ အသင်းတစ်သင်းအဖြစ် ပြန်ဖြစ်လာဖို့ အစပြုလိုက်တာပါပဲ" လို့ ၎င်းက ဆိုပါတယ်။