ဘရိုက်တန်နဲ့အတူ ရေရှည်စီမံကိန်းတွေကို ဆက်လက်အကောင်အထည်ဖော်သွားမယ်လို့ အခိုင်အမာပြောကြားလိုက်တဲ့ ဟာဇလာ
ဘရိုက်တန်နည်းပြဟာဇလာက အသင်းနဲ့အတူ ရေရှည်စီမံကိန်းတွေကို ဆက်လက်တည်ဆောက်သွားချင်သေးတယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
ဂျာမန်လူမျိုးနည်းပြကို မကြာသေးခင်ကမှ သူ့ရဲ့မွေးရပ်မြေပြည်တွင်းကလပ်အသင်းဖြစ်တဲ့ လေဗာကူဆင်နဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့သောကြာနေ့သတင်းစာရှင်းလင်းပွဲမှာတော့ ဟာဇလာက "ကျွန်တော့်ကို ဒီနေရာမှထွက်သွားအောင် လုပ်ဖို့ဆိုတာ တော်တော်လေးခက်ခဲပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ ဒီမှာက ရေရှည်စီမံကိန်းတစ်ခုရှိတယ်လို့ ကျွန်တော် ယုံကြည်ထားလို့ ဖြစ်ပါတယ်။ ဥက္ကဋ္ဌ တိုနီဘလွန်း၊ ဒုဥက္ကဋ္ဌ ပေါလ်ဘာဘာတို့ အပါအဝင် တာဝန်ရှိသူတွေ၊ အသင်းကစားသမားတွေနဲ့အတူ ကျွန်တော်တို့ အောင်မြင်မှုတွေ ရယူနိုင်ပါတယ်။ ဒါကြောင့် အခြေခံကိစ္စတွေကို အရင်ဆုံး မှန်ကန်အောင် လုပ်ဖို့ လိုပါတယ်" လို့ ပြောခဲ့ပါတယ်။
"ကျွန်တော်တို့ ဆက်ပြီး ကြိုးစားရပါမယ်။ ဒါပေမဲ့ ကျွန်တော့်အတွက် အဓိကအချက်က ကစားသမားတွေနဲ့ဆက်ဆံရေး ဘယ်လိုရှိသလဲ? အသင်းကစားသမားတွေ၊ ဝန်ထမ်းတွေ၊ ပိုင်ရှင်တွေနဲ့ ပရိသတ်တွေအကြား ဆက်ဆံရေးရော ဘယ်လိုရှိလဲ ဆိုတာပါပဲ။ အခုချိန်မှာ ကျွန်တော် ဒီမှာ အသားကျနေပါပြီ။ အခြေခံအုတ်မြစ်ကလည်း တစ်ခုခုတည်ဆောက်ဖို့အတွက် တကယ်ကို ခိုင်မာနေပါတယ်" လို့ ၎င်းက ဆိုပါတယ်။
"ဒါ့အပြင် ကျွန်တော်တို့မှာ ယှဉ်ပြိုင်လိုစိတ်လည်း ရှိပါတယ်။ ကလပ်အသင်းက ရည်မှန်းချက်ကြီးပြီး ရေရှည်မှာ ဆုဖလားတစ်ခုခု ရယူဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့ ဒီလိုအောင်မြင်နိုင်ဖို့ ကျွန်တော်တို့ ကြိုးစားရပါဦးမယ်။ ပြီးခဲ့တဲ့နှစ်နှစ်တာကာလအတွင်း ကျွန်တော်တို့ ခိုင်မာတဲ့အခြေအနေတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ အခုကတော့ သေးငယ်တဲ့အဆင့်လေးတွေကို တိုးတက်အောင် လုပ်ဖို့၊ အလေ့အကျင့်ကောင်းတွေနဲ့ ရလဒ်ကောင်းတွေကို အမြဲတမ်းတည်ငြိမ်နေအောင် ထိန်းထားဖို့နဲ့ ပရိသတ်တွေနဲ့ဆက်ဆံရေး ပိုကောင်းအောင် လုပ်ဆောင်သွားဖို့ပဲ ဖြစ်ပါတယ်" လို့ ဟာဇလာက ရှင်းပြပါတယ်။
ဆက်လက်ပြီး ဟာဇလာက "အာဆင်နယ်၊ လီဗာပူးတို့နဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ရခဲ့တဲ့ ပရိသတ်တွေရဲ့အားပေးမှုမျိုးကို ကျွန်တော် တစ်ခါမှ မကြုံဖူးပါဘူး။ ဒါက ပြီးခဲ့တဲ့လအနည်းငယ်အတွင်း ကျွန်တော်တို့တွေ အတူတူရုန်းကန်ခဲ့ကြခြင်းရဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်။ အခုဆိုရင် ဘရိုက်တန်ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ဘယ်အသင်းမှ ကျွန်တော်တို့နဲ့ မကစားချင်လောက်အောင် ဖြစ်နေပါပြီ။ AMEX ကွင်းက ကျွန်တော်တို့ကို အနိုင်ယူဖို့ဆိုတာ ခက်ခဲစေတဲ့ ခံတပ်ကြီးတစ်ခုလို ဖြစ်နေပါပြီ။ ဒီနေရာမှစပြီး ကျွန်တော်တို့ တစ်ခုခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။ ရေရှည်မှာ ကြီးမားတဲ့ အောင်မြင်မှုတွေအတွက် ယှဉ်ပြိုင်နိုင်တဲ့ အသင်းတစ်ခု ဖြစ်လာပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။
"ဒါ ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပါ။ အခုမှ အစပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကွင်းထဲမှာ ကောင်းမွန်တဲ့အပြုအမူတွေနဲ့ ရလဒ်ကောင်းတွေရဖို့ လိုအပ်ပြီး အဲဒီနောက်မှာတော့ ကျွန်တော်တို့တွေဆက်ပြီး တိုးတက်လာပါလိမ့်မယ်" လို့ ၎င်းက နိဂုံးချုပ်ပြောကြားသွားခဲ့ပါတယ်။