ယူရိုပါလိဂ်ပွဲစဉ်မတိုင်ခင် ပွဲထွက်လူစာရင်းပိုင်းနဲ့ပတ်သက်လို့ ခုခံပြောဆိုလိုက်တဲ့ အမ်မရီ
ယမန်နေ့(တနင်္ဂနွေနေ့)၊ တန်းဆင်းဇုန်အန္တရာယ်ရှိနေတဲ့ တော့တင်ဟမ်အသင်းကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွက် ပွဲထွက်လူစာရင်းပိုင်းကို ၇ နေရာအထိ အပြောင်းအလဲလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အက်စတွန်ဗီလာနည်းပြအမ်မရီက ခုခံကာကွယ်ပြောကြားသွားပါတယ်။
အခုဆိုရင် အက်စတွန်ဗီလာက ပရီးမီးယားလိဂ်နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ပြီး လက်ကျန်သုံးပွဲအလို၊ ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမယ့် အဆင့်-၅ နေရာမှာ ဆက်လက်ရပ်တည်နေပါတယ်။
ပွဲစဉ်အပြီး BBC Match of the Day နဲ့ အင်တာဗျူးမှာ အမ်မရီက ပွဲထွက်လူစာရင်း ၇ နေရာအထိ ပြောင်းလဲခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကို ကာကွယ်ပြောဆိုခဲ့သလို တော့တင်ဟမ်အသင်းကိုလည်း ချီးကျူးသွားခဲ့ပါတယ်။
"ဒီနေ့မှာတော့ တကယ့်ကို ထူးထူးခြားခြားကစားနိုင်သလို အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့တဲ့ အသင်းတစ်ခုနဲ့ ကျွန်တော်တို့ ရင်ဆိုင်ခဲ့ရပါတယ်။ သူတို့က အမှတ်လိုအပ်နေပြီး အဲဒီအမှတ်တွေရယူဖို့အတွက်လည်း အစွမ်းကုန်တိုက်ပွဲဝင်သွားခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
"ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူး၊ ဒုတိယပိုင်းမှာ ပြန်ပြီးတုံ့ပြန်နိုင်ခဲ့ပေမဲ့ အနိုင်ရဖို့တော့ မလုံလောက်ခဲ့ပါဘူး။ ၃၅ ပွဲကစားပြီးချိန်မှာ အခြေအနေတွေက အများကြီးကောင်းနေသေးသလို ထိပ်ဆုံး ၅ သင်းစာရင်းမှာ ပါဝင်နေတဲ့ အားသာချက်လည်း ရှိနေတုန်းပါပဲ၊ ဒါပေမဲ့ ကျွန်တော်တို့ဘက်က ကိုယ့်ကိုယ်ကိုယ် ပိုပြီးတင်းကျပ်ဖို့ လိုအပ်နေပါသေးတယ်။"
"ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခုရထားတဲ့ အမှတ်တွေက မလုံလောက်သေးတာမျိုး ဖြစ်နိုင်ပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ရဲ့ပုံစံကောင်းကို ပြန်ရှာပြီး အရင်အတိုင်း ပြန်လုပ်နိုင်ဖို့ ကြိုးစားရပါမယ်၊ ကစားဖို့ ၃ ပွဲ ကျန်ပါသေးတယ်။ တော့တင်ဟမ်က ကောင်းကောင်းကစားနိုင်ခဲ့တယ်၊ ဖိအားပေးတယ်၊ တစ်ဦးချင်း ယှဉ်ပြိုင်မှုတွေမှာလည်း အနိုင်ရခဲ့တယ်၊ ကျွန်တော်တို့ကတော့ အဲဒီယှဉ်ပြိုင်မှုတွေမှာ အသာမရခဲ့လို့ သူတို့က ကျွန်တော်တို့ကို အနိုင်ယူသွားတာပါ" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
ပွဲထွက်လူစာရင်း ၇ နေရာပြောင်းလဲခဲ့မှုနဲ့ပတ်သက်ပြီး သူက "ပြီးခဲ့တဲ့သီတင်းပတ်မှာလည်း ဖူလ်ဟမ်ကို ရှုံးခဲ့တာပဲ၊ အဲဒီပွဲမှာ ဘယ်ကစားသမားတွေ ကစားခဲ့သလဲ။ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားတုန်းကလည်း ရှုံးခဲ့တာပါပဲ။ ဒီနေ့မှာတော့ မတူညီတဲ့ ကစားသမားတွေနဲ့ ထပ်ရှုံးခဲ့တာပါ" လို့ ဆိုပါတယ်။
လာမယ့်ကြာသပတေးနေ့၊ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့အပေါ် အမ်မရီက "ဒါ ပွဲချင်းလည်းမတူသလို ပြိုင်ပွဲလည်း မတူပါဘူး။ ကျွန်တော်တို့က ဆီမီးဖိုင်နယ်ကို ရောက်နေတာပါ၊ ဒါကြောင့် ဒီပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ ဆင်နွှဲသွားပါမယ်။ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ကစားရတာ အံ့ဩဖို့ကောင်းပါတယ်။ ကျွန်တော် ဒီမှာရှိနေတဲ့ ၃ နှစ်အတွင်းမှာ အခုလိုပွဲမျိုး တစ်ခါမှ မကစားခဲ့ရပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
"တကယ့်ကိုကောင်းမွန်တဲ့ရာသီတစ်ခုကို ကျွန်တော်တို့အသင်း ဖြတ်သန်းနေပြီး လီဗာပူးအသင်းနဲ့အမှတ်တူနေတာကို ပရိသတ်တွေကိုယ်တိုင်လည်း မေ့နေပုံရပါတယ်" လို့ အမ်မရီက နိဂုံးချုပ်ပြောကြားသွားပါတယ်။