မန်စီးတီးမှာ ၁၀ စုနှစ်တစ်ခုကြာ ဖြတ်သန်းခဲ့ပြီးနောက် ဂျွန်စတုန်းစ် အသင်းကနေ ထွက်ခွာတော့မှာဖြစ်ကြောင်း အတည်ပြု
မန်စီးတီးအသင်းရဲ့ နောက်ခံလူ ဂျွန်စတုန်းစ်ဟာ အသင်းမှာ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက်မှာတော့ အခုရာသီအကုန်မှာ အသင်းကနေ စိတ်မကောင်းစွာနဲ့ နှုတ်ဆက်ထွက်ခွာတော့မှာ ဖြစ်ပါတယ်။
စတုန်းစ်ဟာ မန်စီးတီးအတွက် ပွဲပေါင်း ၂၉၃ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး ပရီမီယာလိဂ်ဖလား ၆ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၃ ခုနှစ်မှာ ပရီမီယာလိဂ်၊ ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားတို့ကို တစ်ရာသီတည်းမှာ သိမ်းပိုက်နိုင်ခဲ့တဲ့ သမိုင်းဝင် ဖလားသုံးလုံး (Treble) အောင်မြင်မှုကိုလည်း အသင်းနဲ့အတူ ရယူနိုင်ခဲ့သူပါ။
သူဟာ မန်စီးတီးအသင်းမှာ ရှိနေစဉ်အတွင်း ပရီမီယာလိဂ်ဖလား ၆ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ အက်ဖ်အေဖလား ၂ ကြိမ်၊ လိဂ်ဖလား ၅ ကြိမ်နဲ့ ကမ္ဘာ့ကလပ်ဖလား ၁ ကြိမ်တို့ကို ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပြီး အသင်းအတွက် ဂန္ထဝင်မြောက်တဲ့ ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
စတုန်းစ်က သူ့ရဲ့ Instagram စာမျက်နှာကနေတစ်ဆင့် အခုလိုပဲ သတင်းစကားပါးခဲ့ပါတယ်။ "ကောင်းမွန်တဲ့ အရာမှန်သမျှဟာ တစ်နေ့မှာ အဆုံးသတ်ရှိစမြဲလို့ လူတွေပြောလေ့ရှိကြတယ်... ဒါပေမဲ့ ကျွန်တော်တို့ အတူတူ ဖြတ်သန်းခဲ့တဲ့ ဒီအချိန်တွေဟာ တကယ့်ကို အံ့ဩစရာအကောင်းဆုံးဖြစ်ခဲ့သလို ကျွန်တော့်ရင်ထဲမှာလည်း ထာဝရ ကျန်ရှိနေမှာပါ" လို့ သူက ရေးသားခဲ့ပါတယ်။
အသင်းဘက်ကလည်း သူထွက်ခွာမယ့်အကြောင်း အတည်ပြုခဲ့ပြီး အက်တီဟတ်ကွင်းမှာ ကစားမယ့် အက်စတွန်ဗီလာနဲ့ ရာသီပိတ်ပွဲစဉ်မှာ ပရိသတ်တွေကို နှုတ်ဆက်သွားမှာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းက "ဂျွန်စတုန်းစ်ဟာ အက်တီဟတ်ကွင်းမှာ မှတ်တိုင်တွေ၊ အောင်မြင်မှုတွေနဲ့ ၁၀ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အခုနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အင်္ဂလန် ဗဟိုနောက်ခံလူဟာ ၂၀၁၆ ခုနှစ်မှာ စီးတီးကို စတင်ရောက်ရှိခဲ့တာဖြစ်ပြီး နည်းပြ ဂွါဒီယိုလာရဲ့ ဒုတိယမြောက် ခေါ်ယူမှုလည်း ဖြစ်ပါတယ်။ သူဟာ အသင်းအတွက် ၁၀ စုနှစ်တစ်ခုစာအတွင်း ပွဲပေါင်း ၂၉၃ ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီး အသင်းကို အစွမ်းကုန် အလုပ်အကျွေးပြုခဲ့သူပါ။ အသက် ၃၁ နှစ်အရွယ် စတုန်းစ်ရဲ့ အသင်းအတွက် အစွမ်းကုန် ပေးဆပ်ခဲ့မှုတွေဟာ ကလပ်သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး ကာလတွေမှာ အရေးပါခဲ့တယ်ဆိုတာ ငြင်းစရာမလိုပါဘူး" လို့ ထုတ်ပြန်ခဲ့ပါတယ်။
လက်ရှိမှာတော့ အင်္ဂလန်လက်ရွေးစင် နောက်ခံလူဟာ နွေရာသီ အပြောင်းအရွှေ့အတွက် ရွေးချယ်စရာတွေကို စဉ်းစားနေပြီး အသင်းဟောင်း အဲဗာတန်ကို ပြန်သွားဖို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ သူနဲ့အတူ အသင်းရဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်တဲ့ ဘာနာဒိုဆေးလ်ဗားလည်း အတူတူ ထွက်ခွာသွားမှာ ဖြစ်တာကြောင့် အသင်းရဲ့ အမာခံကစားသမားကြီး နှစ်ဦးကို တစ်ပြိုင်နက်တည်း လက်လွှတ်ရတော့မှာ ဖြစ်ပါတယ်။