အပြောင်းအရွှေ့သတင်းတွေကို အရေးမစိုက်ဘဲ မန်စီးတီးမှာ ဆက်ရှိဖို့ပဲ အာရုံစိုက်ထားတယ်လို့ ဟာလန်း ပြောကြား
မန်စီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက နွေရာသီအပြောင်းအရွှေ့ကာလ နီးကပ်လာချိန်မှာ ထွက်ပေါ်နေတဲ့ သူ့ရဲ့အပြောင်းအရွှေ့သတင်းတွေကို ဂရုမစိုက်ဘူးလို့ ပယ်ချလိုက်ပါတယ်။
နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟာ ဒီရာသီမှာ မန်စီးတီးအတွက် ၄၈ ပွဲ ကစားပေးထားပြီး ၃၅ ဂိုးအထိ သွင်းယူပေးထားပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ပွဲစဉ်အနည်းငယ်သာ ကျန်ရှိတော့တဲ့အချိန်မှာ ရာသီရဲ့ ဂိုးသွင်းအများဆုံးကစားသမားဆုကို ရရှိဖို့လည်း နီးစပ်နေပြီဖြစ်ပါတယ်။
သူဟာ နည်းပြ ဂွါဒီယိုလာရဲ့လက်အောက်မှာ ၁၂၉ ပွဲကစားပေးခဲ့ပြီး ၁၀၉ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၄ ကြိမ် ပြုလုပ်ပေးထားနိုင်သူလည်း ဖြစ်ပါတယ်။ ဂွါဒီယိုလာကတော့ အသင်းက ဆုဖလားအတွက် ကြိုးပမ်းနေရတဲ့ အဆုံးအဖြတ်ကာလတွေမှာ ဟာလန်းအနေနဲ့ ဒီခြေစွမ်းအတိုင်း ဆက်လက်ထိန်းထားနိုင်ဖို့ မျှော်လင့်နေပါတယ်။
ဟာလန်းဟာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကမှ အီတီဟတ်ကွင်းမှာ ၁၀ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုခဲ့တာပါ။ ဒါပေမဲ့လည်း သူ့ရဲ့လက်ရှိစာချုပ်နဲ့ မသက်ဆိုင်ဘဲ ရေအော်မက်ဒရစ်၊ ဘာစီလိုနာတို့လို ထိပ်တန်းအသင်းတွေနဲ့ သတင်းတွေ ထွက်ပေါ်နေဆဲ ဖြစ်ပါတယ်။
ဒီတစ်ပတ်အတွင်းမှာတော့ ဟာလန်းက သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ပြောကြားရာမှာ အသင်းအပေါ် သစ္စာရှိကြောင်း ပြသခဲ့သလို ပရီးမီးယားလိဂ်ကနေ ထွက်ခွာတော့မယ်ဆိုတဲ့ သတင်းတွေကိုလည်း အရေးမစိုက်ဘူးလို့ ဆိုပါတယ်။
"ကျွန်တော် တကယ်ကို ပျော်ရွှင်နေပါတယ်။ စီးတီးအတွက်ရော ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော့်အတွက်ပါ ရင်ခုန်စရာအချိန်တွေ ဖြစ်လာမှာမို့ ရှေ့ဆက်ဖြစ်လာမယ့်အရာတွေကို မျှော်လင့်နေပါတယ်။ စီးတီးနဲ့အတူ ဆက်သွားဖို့ပဲ အာရုံစိုက်ထားပါတယ်" လို့ ဟာလန်းက ဝန်ခံပြောကြားခဲ့ပါတယ်။
"ပြီးခဲ့တဲ့ တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ အပြောင်းအလဲတွေ အများကြီးရှိခဲ့တယ်လို့ ပြောလို့ရပါတယ်။ အသင်းမှာ အကြာကြီးရှိနေတဲ့ ကစားသမားတွေ အများကြီးရှိသလို၊ ကစားသမားသစ်တွေအတွက်ကတော့ အချိန်ယူရပါတယ်။ လိဂ်အသစ်၊ နိုင်ငံအသစ်ကို လာရတာက ဘယ်သူ့အတွက်မဆို မလွယ်ကူပါဘူး။ အသားကျဖို့ အချိန်လိုအပ်ပါတယ်။ အခုက ရင်ခုန်စရာကောင်းတဲ့ အချိန်တွေဖြစ်ပြီး အဲဒီရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ခွင့်ရဖို့ ကျွန်တော် မျှော်လင့်နေပါတယ်" လို့လည်း ဆိုပါတယ်။
ဟာလန်းဟာ အလန်ရှီးယားရဲ့ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးစံချိန်ကို ချိုးဖျက်ဖို့ ရည်မှန်းထားပေမဲ့ ရှီးယားရဲ့စံချိန်ကို မမီခဲ့တဲ့ ဟာရီကိန်းတို့ထက် ပိုပြီး အင်္ဂလန်မြေမှာ ကြာကြာနေဖို့တော့ လိုအပ်ပါလိမ့်မယ်။
မန်စီးတီးအသင်းဟာ ဒီရာသီမှာ EFL ဖလား (ကာရာဘောင်ဖလား) ကို ရရှိထားပြီးဖြစ်သလို ဟာလန်းအနေနဲ့ အသင်းနဲ့အတူ ဆုဖလားတွေ ထပ်မံဆွတ်ခူးနိုင်ဖို့အတွက် အက်ဖ်အေဖလားနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ဆက်လက်ကစားသွားရဦးမှာ ဖြစ်ပါတယ်။