The network connection is lost.

Banner Image

နည်းပြလောကထဲသို့ပြန်ဝင်ဖို့ လမ်းဖွင့်ထားကြောင်း ပြောကြားလာတဲ့ ရွန်းနီ

ဝိန်းရွန်းနီက သင့်တော်တဲ့ အခွင့်အရေးသာ ရလာမယ်ဆိုရင် နည်းပြလောကထဲကို ပြန်ဝင်လာမယ်လို့ ဝန်ခံပြောကြားခဲ့သလို မန်ချက်စတာယူနိုက်တက် ဒါမှမဟုတ် အဲဗာတန်အသင်းတွေမှာဆိုရင် ဘယ်လိုရာထူးမျိုးနဲ့မဆို အလုပ်လုပ်ဖို့ အသင့်ရှိနေတယ်လို့ ထပ်လောင်းပြောဆိုလိုက်ပါတယ်။ မန်ယူအသင်းခေါင်းဆောင်ဟောင်းဟာ No Tippy Tappy Football ဆိုတဲ့ ပေါ့ဒ်ကတ်စ်အစီအစဉ်မှာ ပါဝင်စဉ်အတွင်း သူကိုယ်တိုင် နည်းပြခုံတန်းဆီ ပြန်ရောက်လာမလားဆိုတဲ့ မေးခွန်းကို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။ "အခွင့်အရေးကောင်းတစ်ခုသာ ရလာမယ်ဆိုရင် ကျွန်တော် ပြန်လာမှာပါ။ ဒါပေမဲ့ အလောတကြီးတော့ မလုပ်ပါဘူး" လို့ သူက ဆိုပါတယ်။

အဲဒီနောက် ရွန်းနီကို လက်ထောက်နည်းပြအဖြစ် လုပ်ကိုင်ဖို့ ရှိမရှိ တိုက်ရိုက်မေးမြန်းခဲ့ရာမှာ "ရာနှုန်းပြည့် သေချာတာပေါ့။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်တုန်းကလည်း ယူနိုက်တက်ကို တခြားရာထူးတစ်ခုခုနဲ့ ပြန်သွားဖို့ ရှိမရှိ အမေးခံခဲ့ရပါသေးတယ်။ ဒါပေါ့၊ ကျွန်တော် သွားမှာပါ။ [နည်းပြမဟုတ်တဲ့ တခြားရာထူးနဲ့] ကျွန်တော် ပြန်သွားဖြစ်မယ့် အသင်းဆိုလို့ အဲဗာတန်နဲ့ ယူနိုက်တက် နှစ်သင်းပဲ ရှိပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီကလပ်တွေဟာ ကျွန်တော့်နှလုံးသားထဲမှာ အနီးကပ်ဆုံး ရှိနေလို့ပါပဲ" လို့ သူက ဆက်ပြောပါတယ်။

ဒီပြောဆိုချက်တွေဟာ မိုက်ကယ်ကားရစ်ကို မန်ယူအသင်းရဲ့ ယာယီနည်းပြချုပ်အဖြစ် ခန့်အပ်ပြီးနောက် ပြီးခဲ့တဲ့လက သူပြောခဲ့တဲ့ မှတ်ချက်တွေနဲ့လည်း ထပ်တူကျနေပါတယ်။ The Wayne Rooney Show မှာ သူက "ဒါပေါ့၊ ကျွန်တော် သွားမှာပါ။ ဒါက စဉ်းစားနေစရာတောင် မလိုပါဘူး။ စကားမစပ် ကျွန်တော် အလုပ်တောင်းနေတာတော့ မဟုတ်ဘူးနော်။ လူတိုင်း သိထားအောင် ပြောရရင် ကျွန်တော့်ကို လာကူညီဖို့ ကမ်းလှမ်းလာရင်တော့ သေချာပေါက် သွားမှာပါ။ နည်းပြကို ခန့်အပ်ဖို့က အရေးကြီးဆုံး ကိစ္စပါပဲ" လို့ ပြောခဲ့ပါတယ်။

ကားရစ်ဟာ အသင်းကို တာဝန်ယူပြီးကတည်းက ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်လို့ ရလဒ်တွေဆိုးရွားခဲ့တဲ့ အိုးထရက်ဖို့ဒ်က ဖိအားတွေကို လျှော့ချပေးနိုင်ခဲ့ပါတယ်။ ဝိန်းရွန်းနီက အသင်းရဲ့ ဖွဲ့စည်းပုံထဲမှာ ပါဝင်ပတ်သက်ခြင်း မရှိသေးပေမဲ့ ကမ်းလှမ်းလာရင်တော့ ပြန်လာဖို့ စဉ်းစားမယ်ဆိုတာကို သူ့ရဲ့မှတ်ချက်တွေကနေတဆင့် ရှင်းရှင်းလင်းလင်း သိနိုင်ပါတယ်။

၂၀၂၁ ခုနှစ်မှာ ကစားသမားဘဝကနေ အနားယူပြီးနောက်ပိုင်း သူ့ရဲ့ နည်းပြမှတ်တမ်းဟာ အကောင်းအဆိုး ဒွန်တွဲနေခဲ့ပါတယ်။ ဝိန်းရွန်းနီဟာ ဘောလုံးဖိနပ် ချိတ်ပြီးတာနဲ့ ဒါဘီကောင်တီအသင်းကို ချက်ချင်းတာဝန်ယူခဲ့ပြီး ကြီးမားတဲ့ ဘဏ္ဍာရေးဆိုင်ရာ အရေးယူမှုတွေ ခံခဲ့ရပေမဲ့ နောက်ရာသီမှာ တန်းမဆင်းရခင်အထိ အသင်းကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ အဲဒီနောက် အမေရိကန် အမ်အယ်လ်အက်စ်ကလပ် ဒီစီယူနိုက်တက်ကို ပြောင်းရွှေ့ခဲ့ပြီး ရာသီဝက် နှစ်ခုလုံးမှာ ပလေးအော့ဖ်အဆင့် ရောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ အင်္ဂလန်ကို ပြန်လာပြီး ဘာမင်ဂမ်စီးတီးကို ကိုင်တွယ်တဲ့အခါမှာတော့ ၁၅ ပွဲမှာ ၂ ပွဲသာ နိုင်ခဲ့လို့ လမ်းခွဲခဲ့ရသလို ပလိုင်းမောက်အာဂျေးအသင်းမှာလည်း ရလဒ်တွေ ဆိုးရွားခဲ့တာကြောင့် သက်တမ်းမကုန်ခင်မှာပဲ နားခဲ့ရပါတယ်။

ဝိန်းရွန်းနီဟာ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလမှာ ပလိုင်းမောက်အသင်းကနေ ထွက်ခွာပြီးကတည်းက တခြားအလုပ်သစ် မလုပ်သေးဘဲ ရုပ်သံနဲ့ ပေါ့ဒ်ကတ်စ်တွေမှာ ဘောလုံးသုံးသပ်သူအဖြစ်သာ လုပ်ကိုင်နေပါတယ်။ ဒါပေမဲ့ နည်းပြအလုပ်ဟာ သူ့ရဲ့ အနာဂတ်အစီအစဉ်တွေထဲမှာ ရှိနေဆဲပဲဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။ "အခွင့်အရေးကောင်းတစ်ခု ရလာရင် ပြန်လာမှာပါ။ ဒါပေမဲ့ အလျင်စလိုတော့ မဟုတ်ပါဘူး" လို့ သူက ဆိုပါတယ်။ အရင်တုန်းက အသင်းကို ကိုယ်တိုင်ဦးဆောင်ရတဲ့ နည်းပြချုပ်အဖြစ်သာ လုပ်ကိုင်ချင်ခဲ့တဲ့ သူ့အတွက် အခုလို လက်ထောက်အဖြစ် ကူညီဖို့ လမ်းဖွင့်ပေးလာတာဟာလည်း ထူးခြားတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။