လီဗာပူးမှထွက်ခွာမယ့် ဆုံးဖြတ်ချက်အပေါ် ဂျရတ်ရဲ့ပါဝင်ပတ်သက်မှုအကြောင်း ဖွင့်ဟလာတဲ့ မိုဆာလက်
လီဗာပူးကြယ်ပွင့်မိုဆာလက်က လာမယ့်နွေရာသီ၊ အသင်းမှထွက်ခွာမယ့် သူ့ရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ အသင်းရဲ့ဂန္ထဝင်ကစားသမားစတီဗင်ဂျရတ် ဘယ်လိုအခန်းကဏ္ဍမှတဆင့် ပါဝင်ပတ်သက်ခဲ့သလဲဆိုတာကို ဖွင့်ဟပြောကြားလိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ်မိုဆာလက်က လီဗာပူးအသင်းမှာ ကိုးနှစ်ကြာကျင်လည်ခဲ့မှုကို အဆုံးသတ်သွားဖို့ ပြင်ဆင်ထားပြီး အခုဘောလုံးရာသီကုန်ဆုံးချိန်၊ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းမှထွက်ခွာမယ်လို့ ကြေညာထားပါတယ်။
TNT Sports နဲ့အင်တာဗျူးမှာ မိုဆာလက်က လီဗာပူးဂန္ထဝင်ကြီးဂျရတ်ဟာ သူ့နေအိမ်အထိ ကိုယ်တိုင်လာရောက်ပြီး အကြံဉာဏ်တွေနဲ့ သဘောထားတွေကို ပြောပြခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
"ဟုတ်တယ်၊ အခု ကျွန်တော်စိတ်ချမ်းသာနေပါပြီ။ ကျွန်တော်တို့ အဲဒီတုန်းကပြောခဲ့တဲ့စကားတွေကိုလည်း မှတ်မိနေတုန်းပဲ၊ တကယ်လည်း ကျေးဇူးတင်ပါတယ်။ ခင်ဗျား ကျွန်တော့်အိမ်အထိလာခဲ့တာကို လူတွေမသိကြပါဘူး။ အဲဒီတုန်းကကျွေးခဲ့တဲ့ညစာလည်း စားကောင်းမယ်လို့ မျှော်လင့်ပါတယ်" လို့ မိုဆာလက်က ဂျရတ်ကို ပြောပြခဲ့ပါတယ်။
"ကျွန်တော်တို့ အကြာကြီးစကားတွေပြောဖြစ်ခဲ့သလို ခင်ဗျားရဲ့အမြင်တွေကိုလည်း ပြောပြပေးခဲ့ပါတယ်။ အဲဒါအတွက် ကျွန်တော် တကယ်ကိုပဲ ကျေးဇူးတင်မိပါတယ်"
ဂျရတ်ရဲ့ အကြံဉာဏ်က ဘယ်လောက်အထိ အကျိုးသက်ရောက်မှုရှိလဲဆိုတာကို မိုဆာလက်က ထပ်လောင်းပြောကြားရာမှာ "ဟုတ်တယ်၊ အခုလိုမျိုး ခမ်းခမ်းနားနားနဲ့ထွက်ခွာခွင့်ရတာကို ကျွန်တော် ဝမ်းသာကျေနပ်မိပါတယ်။ ဒါ ကျွန်တော့်ကို ခင်ဗျားပြောပြခဲ့တဲ့အချက်လည်း ဖြစ်တယ်၊ ကိုယ်ဖြစ်ချင်တဲ့ ပုံစံအတိုင်းပဲ ဂုဏ်သိက္ခာရှိရှိ ထွက်ခွာဖို့ပေါ့။ အဲဒီစကားတွေကို ကျွန်တော် အခုထိမှတ်မိနေတုန်းပါပဲ။ ဒါကြောင့်လည်း ကျွန်တော် ပျော်ပါတယ်... အခုတော့ ထွက်ခွာဖို့ အချိန်တန်ပါပြီ" လို့ ဆိုပါတယ်။