ရွန်းနီနဲ့တွဲဖက်ကစားခွင့်ရဖို့ အိပ်မက်မက်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက် အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ဝိန်းရွန်းနီနဲ့အတူ တွဲဖက်ကစားချင်ခဲ့တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။ ရွန်းနီဟာ ယူနိုက်တက်အသင်းနဲ့အတူ ချန်ပီယံလိဂ်နဲ့ ပရီးမီးယားလိဂ်ဖလားတွေကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။
"Wayne Rooney Show" အစီအစဉ်မှာ ဖာနန်ဒက်စ်က အခုလိုပြောခဲ့ပါတယ် - "ပထမဆုံးအနေနဲ့ ခင်ဗျား ဘောလုံးမရှိတဲ့အချိန်မှာ ဘယ်လောက်အထိ ကြိုးစားအားထုတ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်။ တချို့က ခင်ဗျားကို တိုက်စစ်ပဲ အရမ်းလိုက်တယ်လို့ ထင်ကောင်းထင်နိုင်ပေမဲ့ ခင်ဗျားလိုပဲ တိုက်စစ်ရော ခံစစ်ပါ ကူညီပေးနိုင်တဲ့ ကစားသမားမျိုးသာရှိရင် ပွဲတစ်ပွဲရဲ့ ခက်ခဲတဲ့ အလုပ်ကြမ်းတွေကို လုပ်ရတာ ဘာပြဿနာမှ ရှိမှာမဟုတ်ပါဘူး" လို့ ဆိုပါတယ်။
သူက ဆက်ပြီး "ဘောလုံးရတဲ့အချိန်မှာ ခံစစ်ကြောင်းနောက်ကို ဖောက်ထွက်ပြေးတဲ့ ခင်ဗျားရဲ့ ပုံစံကိုလည်း ကျွန်တော် တကယ်သဘောကျပါတယ်။ ဂိုးဖန်တီးပေးနိုင်တဲ့ ကစားသမားတွေ လိုအပ်သလို ခင်ဗျားက ကျွန်တော့်ဘေးမှာဖြစ်ဖြစ်၊ ရှေ့မှာဖြစ်ဖြစ်၊ နောက်မှာဖြစ်ဖြစ် ရှိနေမယ်ဆိုရင် ကျွန်တော်တို့နှစ်ယောက်လုံး ဂိုးသမားနဲ့ တစ်ယောက်ချင်း ရင်ဆိုင်ရတဲ့ အနေအထားမျိုးတွေ အခုထက်ပိုပြီး အများကြီး ရနိုင်မှာပါ" လို့ ပြောကြားခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ဘရူနိုက "ခင်ဗျားနဲ့အတူ ကစားခွင့်ရခဲ့မယ်ဆိုရင် တကယ်ကို ဂုဏ်ယူစရာတစ်ခု ဖြစ်မှာပါ။ ကျွန်တော် ခင်ဗျားကစားတာကို အကြိမ်ပေါင်းများစွာ ကြည့်ခဲ့ဖူးပြီး ကွင်းထဲမှာ အတူတွဲကစားရရင် တကယ်ကို အံ့ဩဖို့ကောင်းမှာပါ" လို့ ဝန်ခံပြောကြားခဲ့ပါတယ်။