အွန်ယီကာရဲ့ကြိုးစားအားထုတ်မှုကို ချီးကျူးဂုဏ်ပြုလိုက်တဲ့ ချဲလ်ဆီးဂန္တဝင်လမ်းပတ်
ဖရန့်လမ်းပတ်က အွန်ယီကာရဲ့ပရော်ဖက်ရှင်နယ်ပီသမှုနဲ့ ကြိုးစားအားထုတ်မှုကို ချီးကျူးစကားဆိုခဲ့ပြီး ပရီးမီးယားလိဂ်ဆီ ကိုဗင်ထရီအသင်း တန်းတက်နိုင်ဖို့ ကြိုးစားခဲ့တဲ့ခရီးလမ်းမှာ အရေးပါတဲ့ကစားသမားတစ်ဦးဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဆောင်းရာသီအပြောင်းအရွှေ့ကာလအတွင်း ဘရန့်ဖို့ဒ်အသင်းမှ အငှားဖြင့်လာရောက်ပူးပေါင်းခဲ့တဲ့ ဒီကွင်းလယ်လူက ကိုဗင်ထရီအသင်းကွင်းလယ်ပိုင်းမှာ လျင်လျင်မြန်မြန်ပဲ အားကိုးရတဲ့သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဒုတိယရာသီဝက်ရဲ့ အရေးကြီးတဲ့ကာလတွေမှာ အွန်ယီကာရဲ့စွမ်းဆောင်ရည်ပိုင်းက အသင်းအတွက် ဟန်ချက်ညီမှုနဲ့ တည်ငြိမ်မှုတွေကို ဖြည့်ဆည်းပေးနိုင်ခဲ့ပါတယ်။
talkSPORT နဲ့ အင်တာဗျူးမှာ လမ်းပတ်က အွန်ယီကာနဲ့ပတ်သက်လို့ အသင်းအတွက် တကယ်ကို လိုအပ်နေတဲ့ အရည်အသွေးတွေကို ယူဆောင်လာပေးခဲ့သလို အသင်းကို ရောက်ရှိလာချိန်မှစလို့ တောက်လျှောက်ဆိုသလို ခြေစွမ်းကောင်းတွေ ပြသနေတယ်လို့ ဆိုပါတယ်။
"အွန်ယီကာက တကယ်တော်ပါတယ်။ အွန်ယီကာဆိုတာ အဲဒီအချိန်တုန်းက ကျွန်တော်တို့အသင်းအတွက် တကယ်ကို လိုအပ်နေတဲ့ ကစားသမားမျိုးပါ။ သူက ကျွန်တော်တို့ လိုအပ်သမျှ အရာအားလုံးကို ဖြည့်ဆည်းပေးနိုင်ခဲ့သလို ဂရီမီစီရဲ့ ကစားပုံတွေ၊ No.10 Role မှာ ဘယ်သူပဲကစားကစား သူတို့ရဲ့ ကစားဟန်တွေနဲ့ လိုက်ဖက်ညီအောင် ကွင်းလယ်ပိုင်းမှာ အကောင်းဆုံး ချိန်ညှိပေးနိုင်ခဲ့ပါတယ်" လို့ လမ်းပတ်က ပြောကြားခဲ့ပါတယ်။