လီဗာပူးမှထွက်ခွာဖွယ်ရှိတဲ့ မိုဆာလက်ကိုခေါ်ယူဖို့ အခုနွေရာသီမှာ ဆော်ဒီကလပ်အသင်းတွေ ပြန်လည်ကြိုးစားလာနိုင်
လီဗာပူးကြယ်ပွင့်မိုဟာမက်ဆာလက်က အခုနွေရာသီမှာ အသင်းမှထွက်ခွာဖွယ်ရှိနေပြီး သူ့အတွက် အမေရိကန်မေဂျာလိဂ်(MLS) နဲ့ ဆော်ဒီလိဂ်ကလပ်တွေရဲ့ကမ်းလှမ်းမှုတွေ ရှိလာနိုင်ပါတယ်။
မိုဆာလက်က အခုဘောလုံးရာသီမှာ လီဗာပူးအတွက် ၂၅ ပွဲကစားထားပြီး ခြောက်ဂိုးသွင်းယူကာ ဂိုးဖန်တီးမှုခြောက်ကြိမ် ပြုလုပ်ထားပါတယ်။ အသင်းမှာ သူ့ရဲ့ နောက်ဆုံးရာသီလို့ ပရိသတ်အများစုယူဆနေကြတဲ့ အခုလိုအခိုက်အတန့်မျိုးမှာ အီဂျစ်စတားကိုယ်တိုင်လည်း လီဗာပူးအတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။
ဆော်ဒီလိဂ်နဲ့ နှစ်အတော်ကြာသတင်းတွေထွက်ပေါ်ခဲ့တဲ့ အီဂျစ်ကြယ်ပွင့်ကို ခေါ်ယူဖို့အတွက် အယ်လ်အစ်တီဟတ်အသင်းရဲ့ဆွေးနွေးမှုတွေ စတင်နေပြီလို့ သတင်းတွေက ဆိုပါတယ်။
The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီနွေရာသီမှာ ဆော်ဒီပရိုလိဂ်ဆီ အသက်-၃၃ နှစ်အရွယ်ကစားသမား ပြောင်းရွှေ့မယ်ဆိုရင် လက်ရှိလီဗာပူးမှာရနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းထက် သုံးဆအထိ ပိုမိုရရှိနိုင်ပြီး ဒီအပြောင်းအရွှေ့အမှန်တကယ်ပေါ်ပေါက်လာဖို့ အလားအလာများနေတယ်လို့ သိရပါတယ်။
နာမည်ကြီးသတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ဆာလက်အတွက် ခရစ္စတီယာနိုရော်နယ်လ်ဒိုရှိတဲ့ ဆော်ဒီကိုဖြစ်စေ၊ ဒါမှမဟုတ် လီယွန်နယ်မက်ဆီရှိတဲ့ MLS ကိုဖြစ်စေ ပြောင်းရွှေ့ဖို့ ရွေးချယ်စရာတွေ ရှိနေတယ်လို့ သိရပါတယ်။
"ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ဆော်ဒီကလပ်တွေက မိုဟာမက်ဆာလက်ဆီပြန်ပြီး ချဉ်းကပ်လာကြပါလိမ့်မယ်။ ဆွေးနွေးမှုတွေ ပြန်စကြပါတော့မယ်။ အယ်လ်အစ်တီဟတ်ကလည်း အဲဒီထဲက အသင်းတစ်ခု ဖြစ်နိုင်ပါတယ်။ မိုဆာလက်ကို စိတ်ဝင်စားပြီး ခေါ်ချင်နေတဲ့ တခြားဆော်ဒီကလပ်တွေလည်း ရှိသေးတယ်လို့ ကျွန်တော် သိထားပါတယ်။ ပြီးတော့ လီဗာပူးဆီမှ ဆာလက်ကိုခေါ်ယူဖို့အတွက် MLS ကလပ်တွေဘက်ကရော ဆွေးနွေးမှုတွေဆီ ပါဝင်လာမလားဆိုတာ စောင့်ကြည့်သွားရပါမယ်"လို့ ရိုမာနိုက ထပ်ပြောပါတယ်။
"အီဂျစ်တောင်ပံကစားသမားနဲ့ပတ်သက်ပြီး ဒီနွေရာသီကတော့ တကယ်ကို စိတ်ဝင်စားဖို့ ကောင်းလာပါလိမ့်မယ်။ ယေဘုယျအားဖြင့်ပြောရရင် အရင်ကတော့ တရားဝင်ကမ်းလှမ်းတာမျိုး ဒါမှမဟုတ် တိကျတဲ့ ဖြစ်နိုင်ခြေမျိုးတွေ ဘာမှမရှိခဲ့လို့ ဆာလက်က လီဗာပူးမှာပဲ ဆက်ရှိနေခဲ့တာပါ။ ဒါပေမဲ့ ဒီနွေရာသီမှာတော့ အခြေအနေတွေက တခြားစီ ဖြစ်သွားနိုင်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
မိုဆာလက်သာ လီဗာပူးမှထွက်သွားခဲ့ရင် အသင်းအတွက် ငွေကြေးအမြောက်အမြားသက်သာသွားစေဖို့ရှိနေပြီး ဒီငွေကြေးတွေကို အီဂျစ်ကြယ်ပွင့်နေရာမှာအစားထိုးပေမယ့် တောင်ပံကစားသမားသစ်တစ်ဦး ခေါ်ယူဖို့ ပြန်လည်အသုံးပြုနိုင်ပါလိမ့်မယ်။