ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့လို့ ကျေနပ်အားရနေတဲ့ အူပါမီကာနို
ဘိုင်ယန်မြူးနစ်အသင်းက ခံစစ်မှူးအူပါမီကာနိုနဲ့စာချုပ်သစ်ချုပ်ဆိုဖို့အတွက် သဘောတူညီမှု အောင်အောင်မြင်မြင်ရယူနိုင်ခဲ့ပါတယ်။
ပြင်သစ်လက်ရွေးစင်နောက်ခံလူရဲ့ယခင်စာချုပ်ဟောင်းဟာ အခုဘောလုံးရာသီအပြီးမှာ သက်တမ်းကုန်ဆုံးဖို့ ရှိနေခဲ့ပါတယ်။
အူပါမီကာနိုရဲ့စာချုပ်အခြေအနေကြောင့် သူ့ကို လီဗာပူး၊ ပီအက်စ်ဂျီနဲ့ ဘာစီလိုနာလို အသင်းကြီးတွေက စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
ဒါပေမဲ့ အခုတော့ အသက် ၂၇ နှစ်အရွယ်ဗဟိုနောက်ခံလူက ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ၂၀၃၀ ပြည့်နှစ်အထိရှိနေမယ့် စာချုပ်သစ်တစ်ရပ်ကို သဘောတူလက်မှတ်ရေးထိုးလိုက်ပါတယ်။
၂၀၂၁-၂၂ ဘောလုံးရာသီ၊ ဘိုင်ယန်မြူးနစ်ဆီရောက်ရှိလာခဲ့တဲ့ အူပါမီကာနိုဟာ အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါဖလား ၃ ကြိမ်နဲ့ ဂျာမန်စူပါဖလား ၁ ကြိမ် ဆွတ်ခူးရရှိထားပါတယ်။
စာချုပ်သစ်ချုပ်ဆိုမှုအပြီး အူပါမီကာနိုက "ဘိုင်ယန်မှာ ဆက်ရှိနေရပြီး ဒီအသင်းမှာ ဆက်ကစားခွင့်ရရှိလို့ တကယ်ကို ဝမ်းသာပါတယ်။ ကျွန်တော်တို့မှာ ထူးချွန်တဲ့အသင်းသားတွေနဲ့ အလွန်ထက်မြက်တဲ့နည်းပြတစ်ဦး ရှိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့မှာ အတူတူချီတက်မယ့် ရည်မှန်းချက်ပန်းတိုင်ကြီးတွေ ရှိပါတယ်။ ဘဝမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာက အမြဲတမ်းအရေးကြီးပါတယ်။ ကျွန်တော်က လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ အသင်းဖော်တွေအတွက် အစွမ်းကုန်ကြိုးစားပေးသလို၊ ပွဲတိုင်းမှာလည်း ဂိုးမပေးရအောင်၊ Clean Sheet ရအောင် အမြဲကာကွယ်ချင်ပါတယ်။ ဘိုင်ယန်နဲ့အတူ ဆုဖလားတွေ တတ်နိုင်သမျှအများဆုံးဆွတ်ခူးသွားချင်ပါတယ်" လို့လည်း အူပါမီကာနိုက ဆိုပါတယ်။