The network connection is lost.

Banner Image

ကမ္ဘာ့အဆင့်ကိုနာတေးကို လီဗာပူးမှာပဲဆက်ရှိနေဖို့ တိုက်တွန်းလိုက်တဲ့ အသင်းကပ္ပတိန်ဗန်ဒိုက်

လီဗာပူးကပ္ပတိန်ဗာဂျေးဗန်ဒိုက်က သူ့ရဲ့တွဲဖက်ဗဟိုခံစစ်မှူးဖြစ်သူကိုနာတေးဆီ ရီးရဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှုကိုငြင်းပယ်ကာ အန်ဖီးလ်မှာပဲဆက်ရှိနေဖို့ တိုက်တွန်းခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ပြင်သစ်လက်ရွေးစင်ကစားသမားက အခုဘောလုံးရာသီပြီးမြောက်ချိန်၊ လီဗာပူးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ရှိနေပြီး လာလီဂါအင်အားကြီးကလပ်အသင်းဆီပြောင်းရွှေ့မယ်လို့ သတင်းတွေ အကြီးအကျယ်ထွက်ပေါ်နေပါတယ်။


ကိုနာတေးက အခုရာသီအစောပိုင်းမှာ ခြေစွမ်းပိုင်းအားနည်းချက်အချို့ကြောင့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပေမယ့် ကျန်ခဲ့တဲ့လအနည်းငယ်အတွင်းမှာတော့ အခြေအနေတွေကို အကောင်းဘက်ဆီ ပြန်ရောက်ရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။


ဆန်းဒါးလန်းကို ၀-၁ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ ဗုဒ္ဓဟူးနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ဗန်ဒိုက်က ကိုနာတေးကို အသင်းမှာပဲဆက်ရှိနေဖို့ တိုက်တွန်းခဲ့ပါတယ်။

"ကျွန်တော်တို့က သူငယ်ချင်းတွေပါ၊ အရာအားလုံးကို ပွင့်ပွင့်လင်းလင်း ပြောဖြစ်ကြပါတယ်" လို့ ဗန်ဒိုက်က သတင်းထောက်တွေဆီ ပြောပါတယ်။


"ဒါက လုပ်ငန်းစဉ်တစ်ခုလိုပါပဲ၊ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားရပါမယ်။ အရာရာက ထင်သလောက် မလွယ်ကူပါဘူး။ ပြီးခဲ့တဲ့နှစ်၊ ကျွန်တော့်ရဲ့အခြေအနေကိုကြည့်ရင်ပဲ သိနိုင်ပါတယ်။ 'အကုန်လုံး ပြီးပြတ်အောင် လုပ်လိုက်ကြစို့'လို့ ပြောလိုက်ရုံနဲ့ အလွယ်တကူ ဖြစ်သွားတာမျိုး မဟုတ်ပါဘူး။"

" အမှန်ပါပဲ၊ ကိုနာတေးကိုတော့ အသင်းမှာပဲ ဆက်ရှိနေစေချင်ပါတယ်။" လို့ ဗန်ဒိုက်က ဆက်ပြောပါတယ်။

"သူက ကွင်းတွင်းမှာလည်း အရေးပါသူတစ်ဦးပါ။ ဒါကို အားလုံးလည်း မြင်တွေ့ကြပါလိမ့်မယ်။ ဒါပေမဲ့ ကွင်းပြင်ပမှာလည်း သူက အသင်းကိုဦးဆောင်ပေးနေသူတွေအနက် တစ်ဦး ဖြစ်ပါတယ်။ သူက တကယ်ကို ထူးချွန်သူဖြစ်ပြီး ကျွန်တော့်အမြင်မှာတော့ ကမ္ဘာ့အဆင့်မီ ဗဟိုနောက်ခံလူတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော့်ဘက်ကတော့ တတ်နိုင်သလောက်ပဲ လုပ်ပေးနိုင်ပါမယ်။ ကျန်တာကတော့ အသင်း၊ သူ့ရဲ့အေးဂျင့်တွေနဲ့ သူ့ရဲ့စိတ်ဆန္ဒအပေါ်မှာပဲ မူတည်ပါတယ်။ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ရဖို့ရှိပေမဲ့ ကျွန်တော်မှာတော့ အဲဒီကိစ္စအပေါ် ဝင်ရောက်စွတ်ဖက်နိုင်တာမျိုး မရှိပါဘူး"လို့ ဒတ်ချ်ကပ္ပတိန်က ဆိုပါတယ်။