ဆန်းဒါးလန်ကို အခက်အခဲမရှိ၊ ထိုက်ထိုက်တန်တန် အနိုင်ယူခဲ့တယ်လို့ အခိုင်အမာပြောကြားလိုက်တဲ့ အန်းစလော့
ဆန်ဒါးလန်းကို ၁-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်အပြီး အသင်းအတွက် ထိုက်တန်တဲ့အောင်ပွဲတစ်ခုဖြစ်တယ်လို့ လီဗာပူးနည်းပြအန်းစလော့က အခိုင်အမာပြောကြားခဲ့ပါတယ်။ဗုဒ္ဓဟူးညပိုင်းမှာကစားခဲ့တဲ့ပွဲစဉ်အတွင်း ပွဲချိန်တစ်နာရီပြည့်မြောက်ချိန် ဗန်ဒိုက်က ခေါင်းတိုက်ဂိုးသွင်းယူပြီး အဝေးကွင်းအနိုင်ရလဒ်ကို ဖော်ဆောင်သွားခဲ့ပါတယ်။
ပွဲစဉ်အပြီး အန်းစလော့က "ကျွန်တော့်အမြင်မှာတော့ ဒီပွဲကို ရုန်းကန်ခဲ့ရတဲ့ပွဲစဉ်လို့ လုံးဝမခံစားရပါဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တကယ့်ကို ကောင်းကောင်းမွန်မွန်ကစားနိုင်ခဲ့လို့ပါ။ ကျွန်တော်တို့က ဆိုးရွားတဲ့ရာသီဥတုကို ရင်ဆိုင်ခဲ့ရတာမဟုတ်ဘဲ ဒီညမတိုင်ခင်အထိ အိမ်ကွင်းမှာ ရှုံးပွဲမရှိသေးတဲ့ ဆန်းဒါးလန်းကို ရင်ဆိုင်ခဲ့ရတာပါ" လို့ ပြောပါတယ်။
"သူတို့က အသင်းကောင်းတစ်ခုဖြစ်သလို နည်းပြကောင်းလည်း ရှိပါတယ်။ သူတို့ရဲ့ ကစားဟန်က ရင်ဆိုင်ရခက်ခဲပါတယ်။ ကျွန်တော်တို့အိမ်ကွင်းမှာ သူတို့နဲ့ရင်ဆိုင်ခဲ့ချိန် သူတို့အသင်းက အဝေးဘောတွေအများကြီး ပေးပို့တတ်သလို တောင်ပံတလျှောက်ဆီလည်း ဘောလုံးတွေ အမြဲပေးပို့တက်တယ်ဆိုတာ သိရှိခဲ့ပါတယ်။ ဒါကို ကျွန်တော်တို့ ကောင်းကောင်းတားဆီးနိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ အန်းစလော့က ဆိုပါတယ်။
"Second ball တွေကိုလည်း ကျွန်တော်တို့ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပြီး အဲ့ဒီမှတစ်ဆင့် ကောင်းမွန်တဲ့ ကစားကွက်တွေကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ အခုနောက်ပိုင်း ပိုပြီးအသားကျလာတာတစ်ခုကတော့ ကျွန်တော်တို့တွေ အခွင့်အရေးအများကြီး လွဲချော်တတ်တာပါပဲ၊ ဒီညမှာလည်း အဲ့ဒီအတိုင်း ထပ်ဖြစ်ခဲ့ပြန်ပါတယ်"။
"ဒါပေမဲ့ တန်းတက်အသင်းတွေ၊ ဒါမှမဟုတ် ပိုကောင်းနေတဲ့အခြားအသင်းတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ပွဲစဉ်တွေနဲ့ မတူဘဲ ဒီညအတွက် ထူးခြားချက်ကတော့ ပြစ်ဒဏ်ဘော (Set-piece)မှ ဂိုးသွင်းယူနိုင်မှုဖြစ်ပါတယ်။ ပုံမှန်ဆိုရင် အဲ့ဒီလိုအခြေအနေတွေမှာ ဂိုးပြန်ပေးရလေ့ရှိပေမဲ့ ဒီညမှာတော့ ကျွန်တော်တို့ ဂိုးသွင်းနိုင်ခဲ့ပါတယ်။ ဒါကပဲ ဒီပွဲရဲ့ ကွာခြားချက်ဖြစ်သွားတာပါ" လို့ ၎င်းက ဆက်ပြောပါတယ်။
လီဗာပူးရဲ့အခုပွဲစဉ်အနိုင်ရလဒ်က ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ အိမ်ကွင်းမှာ မန်စီးတီးကို စိတ်ပျက်ဖွယ်ရှုံးနိမ့်ခဲ့ပြီးနောက် ထွက်ပေါ်လာတာပါ။အန်းစလော့က "ဒီရာသီကို စောင့်ကြည့်နေတဲ့သူတွေအတွက်တော့ ဒါက အံ့ဩစရာ မဟုတ်လောက်ပါဘူး။ ကျွန်တော်တို့မှာ အခက်အခဲတွေ၊ စိတ်ပျက်စရာတွေ အများကြီးရှိခဲ့သလို ကွင်းထဲမှာ ပိုကောင်းအောင် ကစားနိုင်ပေမဲ့ ထိုက်တန်တဲ့ရလဒ်ကောင်းတွေ မရခဲ့တာမျိုးလည်း အကြိမ်ကြိမ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ သုံးရက်အကြာမှာတော့ ကစားသမားတွေက ပြန်ပြီး စွမ်းဆောင်ရည်ပြနိုင်ခဲ့ကြသလို ပုံမှန်အတိုင်းပဲ အကောင်းဆုံး ကစားနိုင်ခဲ့ကြပါတယ်"လို့ ဆိုပါတယ်။
"ဒါဟာ အမြဲတမ်းရလဒ်ကောင်းနေမယ်ဆိုတာမျိုး မဟုတ်ပေမဲ့ ကျွန်တော်တို့က ကွင်းထဲမှာ ပိုကောင်းတဲ့ အသင်းဖြစ်တယ်ဆိုတာကိုတော့ အမြဲပြသနိုင်ပါတယ်။ ဒီညမှာလည်း ကျွန်တော့်အမြင်အရ အဲ့ဒီအတိုင်းပါပဲ။ နှစ်ရက်ပဲ နားခဲ့ရပြီး မိုးရွာနေတဲ့အပြင် ကွင်းကလည်း ရွှံ့ဗွက်ထနေတဲ့ အခြေအနေမှာ ကစားခဲ့ရတာပါ။ ပုံမှန်အားဖြင့် တခြားအသင်းထက် နားရက်တစ်ရက်လျော့နည်းတာက တစ်ခုခုသက်ရောက်မှုရှိနိုင်ပေမဲ့ ဒီနေ့မှာတော့ အဲ့ဒီလိုမျိုးမတွေ့ရပါဘူး။ ပွဲကစားချိန် ၉၇ မိနစ်တလျှောက်လုံး ကျွန်တော်တို့အသင်းရဲ့တကယ်ကောင်းမွန်တဲ့စွမ်းဆောင်ရည်ကို မြင်တွေ့ခဲ့ရပါတယ်" လို့ ပြောကြားသွားခဲ့ပါတယ်။