ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပေမဲ့ ကစားသမားတွေရဲ့စိတ်ဓာတ်ပိုင်းအပေါ် ဂုဏ်ယူမိတယ်လို့ သောမတ်စ်ဖရန့်ခ် ပြောကြား
မန်ချက်စတာယူနိုက်တက်နဲ့ကစားခဲ့တဲ့ပွဲစဉ်မှာ နောက်ခံလူခရစ္စတီယန်ရိုမဲရိုးရဲ့အနီကတ်ပြစ်ဒဏ်ဟာ ပွဲစဉ်ရလဒ်ပိုင်းအတွက် အဓိကအဆုံးအဖြတ်ဖြစ်စေခဲ့တယ်လို့ တော့တင်ဟမ်နည်းပြသောမတ်စ်ဖရန့်ခ်က ပြောပါတယ်။
ဒီပွဲမှာ မန်ချက်စတာယူနိုက်တက်က ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး တော့တင်ဟမ်နောက်ခံလူရိုမဲရိုးဟာ ပွဲကစားချိန် မိနစ် ၃၀ မပြည့်ခင်မှာတင် အနီကတ်ပြစ်ဒဏ်နဲ့အတူ ကွင်းတွင်းမှထွက်ခွာခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ သောမတ်စ်ဖရန့်ခ်က "ပထမဆုံး မိနစ် ၃၀ မှာ ကျွန်တော်တို့ရဲ့အဝေးကွင်းစွမ်းဆောင်ရည်က တော်တော်လေးကောင်းမွန်ခဲ့ပါတယ်။ ယုံကြည်မှုအပြည့်နဲ့ အရှိန်အဟုန်ကောင်းနေတဲ့ အသင်းတစ်သင်းရဲ့ခက်ခဲတဲ့ကွင်းမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ခဲ့တာပါ" လို့ ဆိုပါတယ်။
"အနီကတ်ပြခံရပြီးနောက်ပိုင်းမှာလည်း ကျွန်တော့်ရဲ့ကစားသမားတွေအတွက် တကယ်ကို ဂုဏ်ယူမိပါတယ်။ သူတို့ပြသခဲ့တဲ့ ခံနိုင်ရည်ရှိမှု၊ ပွဲကိုလက်မလျှော့ဘဲ ဆက်ကစားတဲ့ စိတ်ဓာတ်နဲ့ အခွင့်အရေးတွေ ဖန်တီးဖို့ ကြိုးစားခဲ့ပုံတွေက ချီးကျူးစရာပါပဲ" လို့ ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ဒုတိယဂိုး ပေးလိုက်ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး "ဂိုးသွင်းနိုင်ဖို့ တိုက်စစ်လူစားလဲမှု သုံးခုလုပ်ပြီးတာနဲ့ ဒုတိယဂိုး ပေးလိုက်ရတာပါ။ ပွဲချိန် မိနစ် ၆၀၊ ၇၀ လောက်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပေမဲ့ ကစားသမားတွေက အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်သလို သူတို့အတွက်လည်း ဂုဏ်ယူမိပါတယ်" လို့ ဆိုခဲ့ပါတယ်။
အနီကတ်ဖြစ်ရပ်နဲ့ပတ်သက်လို့ သောမတ်စ်ဖရန့်ခ်က "ဒီလိုအခြေအနေမျိုးကတော့ အမြဲတမ်း ဖြစ်နိုင်တာပါပဲ။ ၁၀ ယောက်၊ ၁၁ ယောက် ကစားရတဲ့အခါ နေရာလွတ်တွေပေါ်လာတာ ထုံးစံပါ။ ရိုမဲရိုးကိုယ်တိုင်လည်း ပြိုင်ဘက်ကိုထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိပါဘူး။ သူက ဘောလုံးကိုရှင်းထုတ်ဖို့ ကြိုးစားခဲ့တာပါ။ ကံမကောင်းစွာနဲ့ပဲ စည်းမျဉ်းတွေအရ အနီကတ်ပြစ်ဒဏ် ဖြစ်လာတာပေါ့။ အဝတ်လဲခန်းထဲမှာ အသင်းဖော်တွေကို ရိုမဲရိုး တောင်းပန်ခဲ့ပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။နောက်ဆုံးမှာတော့ တော့တင်ဟမ်နည်းပြက "ရလဒ်မကောင်းခဲ့ပေမဲ့ ကစားသမားတွေ ကွင်းထဲမှာ ပြသခဲ့တဲ့ ခံနိုင်ရည်ရှိမှုက အံ့ဩစရာပါပဲ။ အခုတော့ ကျွန်တော်တို့ ရှေ့ဆက်ရပါမယ်။ လာမယ့် အင်္ဂါနေ့ညမှာ ကစားမယ့် နယူးကာဆယ်နဲ့ပွဲကိုပဲ အာရုံစိုက်သွားရပါမယ်" လို့ ဖွင့်ဟခဲ့ပါတယ်။