ထူးရှယ်ဖလော်ရီယန်ဝစ်ဇ်တော့ စိတ်သက်သာရာရသွားပြီလို့ ဆိုလိုက်တဲ့ အန်းစလော့
ဝုဗ်ကို ၂-၁ ဂိုးဖြင့် လီဗာပူးတို့ အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ပြသသွားတဲ့ ဖလော်ရီယန်ဝစ်ဇ်ရဲ့စွမ်းဆောင်ရည်ကို ထူးရှယ်အဖြစ် အန်းစလော့က သတ်မှတ်ခဲ့ပြီး ကလပ်အသင်းဆီ ရောက်ရှိလာပြီးနောက် ပရီးမီးယားလိဂ်ဗွေဆော်ဦးဂိုးရရှိသွားခဲ့လို့ သူ့ရဲ့ကွင်းလယ်လူ စိတ်သက်သာရာရသွားပြီလို့ ဝန်ခံခဲ့ပါတယ်။
နွေရာသီကာလအတွင်း လက်ငင်းငွေသားပေးချေမှုပေါင်သန်း ၁၀၀ ဖြင့် လေဗာကူဆင်မှ လီဗာပူးဆီ ရောက်ရှိလာပြီးနောက် တိုက်စစ်ပိုင်းစွမ်းဆောင်ရည်အားနည်းနေမှုအတွက် ဝေဖန်မှုတွေနဲ့ ဖလော်ရီယန်ဝစ်ဇ် ရင်ဆိုင်ခဲ့ရပါတယ်။
ဒါပေမဲ့ ဝုဗ်ကိုအနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ ကွင်းလယ်တိုက်စစ်ကစားသမားက ဂရာဗန်ဘတ်ချ်ရဲ့ဦးဆောင်ဂိုးအပြီး တခဏအကြာမှာပဲ ကြိုးကြာနီတွေရဲ့ဦးဆောင်မှု နှစ်ဆတိုးပွားစေမယ့်ဂိုးကို သွင်းယူခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်အတွင်း ဆန်တီယာဂိုဘူအီနိုရဲ့ချေပဂိုးကို ခွင့်ပြုပေးလိုက်ရပေမယ့် အိမ်ရှင်တွေက ပြိုင်ပွဲစုံနောက်ဆုံးလေးပွဲဆက်အနိုင်ရရှိမှုမှတ်တမ်းကိုတော့ ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။
ဖလော်ရီယန်ဝစ်ဇ်ရဲ့ပထမဆုံးသွင်းဂိုးနဲ့ပတ်သက်လို့ အန်းစလော့က “ ဒီဂိုးကြောင့် ဖလော်ရီယန်ဝစ်ဇ် စိတ်သက်သာရာရသွားမယ်ဆိုတာ ကျွန်တော် သေချာပေါက်အာမခံပါတယ်။
ဂိုးသွင်းယူပြီးချိန် သူ့ရဲ့တုံ့ပြန်မှုကို ကျွန်တော်မြင်တွေ့ခဲ့ပါတယ်။ သူ့ရဲ့အသင်းဖော်တွေလည်း အတူတူပါပဲ။ ဖလော်ရီယန်ဝစ်ဇ် ဂိုးသွင်းယူနိုင်လို့ သူတို့တွေ အမှန်တကယ်ပျော်ရွှင်ခဲ့ကြပါတယ်။
အမှန်ပါပဲ၊ ဘောလုံးမှာ ရလဒ်တွေကို အဓိကအခြေခံပြီး အကဲဖြတ်ကြသလို တစ်ဦးချင်းအတွက်လည်း သွင်းဂိုးတွေ၊ ဂိုးဖန်တီးပေးမှုတွေနဲ့ အကဲဖြတ်လေ့ရှိပါတယ်။ တခါတလေ ကျွန်တော်တို့တောင် ပွဲစဉ်တစ်ခုမှာ ဘာတွေလုပ်သွားရမလဲဆိုတာ မေ့နေလေ့ရှိပါတယ်။
ပြီးတော့ သူက ကျွန်တော်တို့အတွက် အရမ်းကောင်းတဲ့ပွဲစဉ်တွေ အများကြီးကစားပေးခဲ့ပြီးပြီလို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အတွက် ကစားပေးတဲ့ပွဲစဉ်တိုင်းမှာ သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းပိုမိုကောင်းမွန်လာပြီလို့လည်း ယူဆမိပါတယ်။
တဖြည်းဖြည်းအသားကျလာတာနဲ့အမျှ ပထမဆုံးဂိုးရရှိဖို့ နီးစပ်လာပါတယ်။ ဒီနေ့မှာ သူဂိုးသွင်းယူတယ်ဆိုတာလည်း အံ့သြစရာတော့ မဟုတ်ပါဘူး။ ဒီဂိုးလောက်နဲ့ မလုံလောက်သေးဘူးဆိုတာကို ပထမဆုံးသိမြင်မယ့်သူက ဖလော်ရီယန်ဝစ်ဇ်ကိုယ်တိုင် ဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ကျွန်တော်တို့အတွက် သူ့ရဲ့သွင်းဂိုးတွေ ထပ်မံရောက်ရှိလာဦးမယ်လို့လည်း မျှော်လင့်မိပါတယ်။
ဒါပေမဲ့ ဒီနေ့ပွဲစဉ်ရဲ့အစိတ်အပိုင်းအများစုမှာ သူ့ရဲ့စွမ်းဆောင်ရည်ကို ကျွန်တော် သဘောကျမိပါတယ်။ အခိုက်အတန့်အများစုမှာ ဖလော်ရီယန်ဝစ်ဇ်က ထူးရှယ်အဆင့်ဖြစ်နေခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
အခုနိုင်ပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံးလေးသင်းစာရင်းဆီ ကြိုးကြာနီတို့ ဝင်ရောက်လာပေမယ့် အန်းစလော့ကတော့ အမှတ်ပေးဇယားထိပ်ဆုံးအထိ ဆက်လက်တက်လှမ်းနိုင်ရေးအတွက် သူ့ရဲ့အသင်းမှာ တိုးတက်စရာတွေ အများကြီးရှိနေသေးတယ်လို့ ဝန်ခံခဲ့ပါတယ်။
ဒတ်ချ်လူမျိုးနည်းပြက “ အမှန်ပါပဲ၊ ပထမပိုင်းပွဲချိန်အပြီး နှစ်ဂိုးပြတ်ဦးဆောင်ထားနိုင်မယ်ဆိုရင် ဒုတိယပိုင်းပွဲချိန်တွေမှာ ကျွန်တော်တို့ရင်ဆိုင်ဖို့လိုအပ်တဲ့အရာနဲ့ မတူကွဲပြားတဲ့ အခြေအနေကို မျှော်လင့်မိပါလိမ့်မယ်။ ဒါပေမဲ့ ဘောလုံးမှာ ဂိုးတစ်ဂိုးဆိုတာ ပွဲရဲ့အရှိန်အဟုန်ကို ပြောင်းလဲပေးနိုင်ပါတယ်။ ဒီနေ့မြင်တေ့ွခဲ့ရတဲ့အရာကလည်း အဲ့ဒါပါပဲ။
၂-၁ ဂိုးဖြစ်သွားချိန် ကျွန်တော်တို့မှာ ဘောလုံးပိုင်ဆိုင်မှု လုံဝမရှိတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ပိုပြီးဟန်ချက်ညီတဲ့ပွဲစဉ်တစ်ခု ဖြစ်လာပြီး ပြိုင်ဘက်အသင်းတိုက်စစ်စတင်လာချိန်တိုင်း ထိတ်လန့်နေခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်အတွက် အခွင့်အရေးတွေအများကြီးခွင့်ပြုပေးလိုက်ရတယ်လို့လည်း မထင်မြင်မိပါဘူး။
ကျန်တာကတော့ အကောင်းဆုံးကစားပုံမဟုတ်တောင် အနိုင်ရလဒ်ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့ အသင်းတစ်ခုကို မြင်တွေ့ခဲ့သလို ကောင်းမွန်တဲ့တိုက်ခိုက်မှုတစ်ခုလည်း ရှိခဲ့ပါတယ်”လို့ ဆက်ပြောပါတယ်။