ဝက်စ်ဟမ်းအသင်းရဲ့အရည်အသွေးကို သက်သေပြနိုင်ခဲ့တယ်လို့ ထုတ်ပြောလာတဲ့ အသင်းခေါင်းဆောင်ဘိုဝင်
ဒီနေ့မနက်ပိုင်း၊ ဝုဗ်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်ဟာ ဝက်စ်ဟမ်းအသင်းရဲ့ အရည်အသွေးကို အကောင်းဆုံးသက်သေပြနိုင်ခဲ့တဲ့ ပွဲစဉ်အဖြစ် အသင်းခေါင်းဆောင်ဘိုဝင်က ယူဆနေပါတယ်။
အခုပွဲစဉ်မှာ ဝက်စ်ဟမ်းအတွက် ကတ်စတယ်လာနို့စ်နဲ့ မာဗရိုပါနို့စ်တို့က နှစ်ဂိုးစီ သွင်းယူပေးခဲ့ကြပြီး ဒီနိုင်ပွဲကြောင့် ဝက်စ်ဟမ်းက တေ့တင်ဟမ်ကိုကျော်ဖြတ်ကာ တန်းဆင်းဇုန်မှ ရုန်းထွက်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ လိဒ်ယူနိုက်တက်နဲ့ အက်ဖ်အေဖလားကွာတားဖိုင်နယ် ပင်နယ်တီအဆုံးအဖြတ်မှာ ပင်နယ်တီလွဲချော်ခဲ့တဲ့ ဘိုဝင်က "လေးဂိုးပြတ်နိုင်ပြီး တန်းဆင်းဇုန်မှလွတ်မြောက်လာချိန် စကားပြောရတာ အများကြီးပိုလွယ်ကူသွားပါတယ်။ ဒီပွဲမတိုင်ခင်မှာ ပွဲရဲ့အရေးပါပုံကို ကျွန်တော်တို့ ကောင်းကောင်း သိထားကြပါတယ်" လို့ ပြောပါတယ်။
"ပထမပိုင်းမှာတော့ ပွဲက နည်းနည်းကြပ်နေပြီး အခုလိုအရေးကြီးတဲ့ပွဲမျိုးဖြစ်လို့ အားလုံး စိတ်လှုပ်ရှားနေခဲ့ကြပါတယ်။ ဒါပေမဲ့ ဘောလုံးပွဲမှာ အတက်အကျဆိုတာ ရှိတာပဲလေ၊ အဓိကကတော့ အသင်းလိုက်စုစုစည်းစည်းရှိဖို့နဲ့ ဒုတိယပိုင်းမှာ ကျွန်တော်တို့ ပြသခဲ့သလိုမျိုး အရည်အချင်းကို ထုတ်ပြနိုင်ဖို့ပါပဲ" လို့ ၎င်းက ဆိုပါတယ်။
ဆက်လက်ပြီး ဘိုဝင်က "တခြားအသင်းတွေ မကစားခင်မှာ ကျွန်တော်တို့က အရင်ဆုံး ကစားရတာပါ။ လူတိုင်းက ရလဒ်တွေနဲ့ အဆင့်ဇယားကိုပဲ ကြည့်နေကြတာဆိုတော့ ကိုယ်လုပ်နိုင်တာက ကိုယ့်ကိုယ်ကိုယ်ပဲ အာရုံစိုက်ဖို့ပါပဲ။ ကျွန်တော်တို့ မဖြစ်ချင်တဲ့ အခြေအနေမျိုးမှာ ရှိနေပေမဲ့ ဒါကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရပါမယ်။ ဒီညပွဲကတော့ အဲ့ဒီအခြေအနေကို ရင်ဆိုင်ပြလိုက်တာပါပဲ။ ပွဲအတွင်းမှာ ခက်ခဲတဲ့ အခိုက်အတန့်တွေ ရှိမယ်ဆိုတာ သိထားပေမဲ့ အခုတော့ လေးဂိုးပြတ် အနိုင်ရလဒ်နဲ့အတူ ကျွန်တော်တို့ ဒီမှာရှိနေပါပြီ" လို့ ပြောကြားခဲ့ပါတယ်။
မာဗရိုပါနို့စ်ရဲ့ဂိုးနဲ့ ပတ်သက်ပြီးတော့လည်း "ကျွန်တော်က ဘောလုံးကို နေရာတစ်ခုဆီရောက်အောင် ပေးဖို့ပဲ ကြိုးစားခဲ့တာပါ၊ မာဗရိုပါနို့စ်က ခေါင်းတိုက်ဖို့ အချိန်ကိုက် ရောက်လာခဲ့ပါတယ်။ အဲ့ဒီအနေအထားက ကြည့်လို့သိပ်မလှပေမဲ့ နေရာလွတ်လေး နည်းနည်းရတာနဲ့ ဘောလုံးကို ဧရိယာထဲ ပို့ချင်ခဲ့ပါတယ်။ သူ့ရဲ့ အချိန်ကိုက်ခုန်ပြီး ခေါင်းတိုက်နိုင်မှုက တကယ်ကောင်းပါတယ်။ ဦးဆောင်ဂိုးရလိုက်တာက အရာရာကို တည်ငြိမ်သွားစေခဲ့တယ်" လို့ ဆိုပါတယ်။
အခုလိုပွဲမျိုးတွေကို ပြစ်ဒဏ်ဘော (set pieces) တွေမှတဆင့် အဖြေထုတ်ပေးနိုင်သလို ဝက်စ်ဟမ်းဟာ နှစ်ပေါင်းများစွာကတည်းက ဒီလိုနေရာမျိုးမှာ အားကောင်းခဲ့ပြီး ဒီရာသီမှာလည်း အားကောင်းနေဆဲ ဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။
ပထမပိုင်းအပြီး အသင်းသားတွေဆီ ပြောကြားခဲ့တာနဲ့ ပတ်သက်ပြီး "ပထမပိုင်းမှာ ဘောလုံးပေးပို့မှု မှားတာတွေ၊ စိုးရိမ်စိတ်တွေကြောင့် နည်းနည်း အားမလိုအားမရ ဖြစ်စရာတွေ ရှိခဲ့ပေမဲ့ စိတ်အေးအေးထားကြဖို့ပဲ ကျွန်တော် ပြောခဲ့ပါတယ်။ အဓိက မှာကြားခဲ့တာကတော့ အသင်းလိုက် စည်းစည်းလုံးလုံး ရှိဖို့ပါပဲ။ ဒီပွဲက ရရှိမယ့် သုံးမှတ်က ကျွန်တော်တို့အတွက် ဘယ်လောက်တန်ဖိုးရှိလဲဆိုတာ သိပါတယ်။ ကျွန်တော်တို့ရဲ့အရည်အချင်းကို ပိုပြသနိုင်ဖို့ လိုသလို ဂိုးဧရိယာအတွင်းမှာလည်း ဒီထက်ပိုပြီး ကောင်းမွန်အောင် လုပ်ဆောင်နိုင်ခဲ့ကြပါတယ်" လို့ ဘိုဝင်က ပြောပါတယ်။
"ဂိုးတွေ ဒီထက်မကသွင်းပြီး ကျွန်တော်တို့ရဲ့အဆင့်အတန်းကို တကယ်ပဲ သက်သေပြဖို့ အခွင့်အရေးတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ဂိုးမပေးရဘဲ လေးဂိုးသွင်းနိုင်ခဲ့တာကလည်း တော်တော်လေးကောင်းမွန်တဲ့ ရလဒ်ပါပဲ" လို့ ၎င်းက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။