ချဲလ်ဆီးအဝေးကွင်းပရိသတ်တွေရှေ့က အပြုအမူကြောင့် အန်ဇိုဖာနန်ဒက်စ်ကို ဝေဖန်လိုက်တဲ့ ရှာဝုဒ်
အက်စတွန်ဗီလာအသင်းရဲ့ နည်းပြဟောင်းဖြစ်သူ တင်မ်ရှာဝုဒ်က မနေ့ညက ချယ်လ်ဆီးအသင်း ရှုံးနိမ့်ခဲ့ပြီးနောက် အန်ဇိုဖာနန်ဒက်စ်ကို ပစ်မှတ်ထား ဝေဖန်ပြောဆိုလိုက်ပါတယ်။
ဘရိုက်တန်အသင်းကို ၃ ဂိုး - ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အန်ဇိုဖာနန်ဒက်စ်က ချယ်လ်ဆီးအဝေးကွင်းပရိသတ်တွေရှေ့မှာ ရပ်ပြီး ပုခုံးတွန့်ပြကာ အာခံတဲ့ပုံစံမျိုး ပြုလုပ်ခဲ့တာပါ။
"သူက ဟန်ပြလုပ်ချင်နေတာ၊ အသင်းခေါင်းဆောင်လက်ပတ် ပတ်ထားတဲ့သူတစ်ယောက်အနေနဲ့ ကျွန်တော် မြင်ချင်တဲ့သူမျိုး မဟုတ်ဘူး" လို့ ရှာဝုဒ်က Sky Sports မှာ ပြောကြားခဲ့ပါတယ်။
"သူက အသင်းကနေ ထွက်ချင်နေတာပါ။ ရင်ဘတ်ကော့ပြီး ဟန်လုပ်ရပ်နေတာမျိုးက ပွဲကစားနေတဲ့အချိန်မှာပဲ လုပ်ပြသင့်တာပါ။ တစ်ခုခုဖြစ်အောင်လုပ်ပါ၊ အသင်းဖော်တွေကို ဦးဆောင်ပါ၊ မင်းက ကိုယ့်အတွက်ကိုယ်ပဲ ကစားနေတဲ့သူပါပဲ။ သူက နည်းပြအဖွဲ့ဝင်တွေနဲ့ စကားပြောပြီး သူ့ပတ်ဝန်းကျင်က တခြားလူတွေကို အပြစ်ပုံချဖို့ ကြိုးစားနေတာ ဖြစ်နိုင်ပါတယ်။ ဒါဟာ ခေါင်းဆောင်ကောင်းတွေ လုပ်တဲ့အလုပ် မဟုတ်ပါဘူး။ ခေါင်းဆောင်ဆိုတာ အသင်းဖော်တွေကို စိတ်ဓာတ်တက်ကြွအောင် လုပ်ပေးရတယ်၊ အသင်းကို စနစ်တကျဖြစ်အောင် လုပ်ပေးရတယ်။ သူက ကွင်းထဲမှာ ရှိနေချိန်မှာ နည်းပြ လီယမ်ရိုဆင်နီယာ ဘာလိုချင်လဲဆိုတာ သိရမယ်၊ နည်းပြဖြစ်စေချင်တဲ့အတိုင်း ကွင်းထဲမှာ အကောင်အထည်ဖော်နိုင်အောင် ကြိုးစားရမှာပါ" လို့ ၎င်းက ဆိုပါတယ်။