
အင်္ဂလန်အသင်းမှာ ပြန်ရွေးချယ်ခံရလို့ ဝမ်းသာမိကြောင်း ဖွင့်ဟလာတဲ့ ဆာကာ
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်လ်ဟာ ယခုတစ်ခေါက် အသင်းရဲ့လူစာရင်းအတွက် ကစားသမား၂၄ ယောက်ရွေးချယ်ခဲ့ရာ အာဆင်နယ်တောင်ပံကစားသမား ဘူကာယိုဆာကာ ပြန်လည်ရွေးချယ်ခံခဲ့ရပြီး ယခုအခါမှာ ကစားသမားက ပြန်လည်ရွေးချယ်ခံခဲ့ရလို့ ဝမ်းသာမိကြောင်း ပြောကြားလာခဲ့ပါတယ်။
တူချယ်လ်အနေနဲ့ ဆာကာကိုရွေးချယ်ခဲ့ပေမယ့် ခြေစွမ်းပြနေတဲ့ အဲဗာတန်တောင်ပံကစားသမား ဂျက်ခ်ဂရီးလစ်ရှ်၊ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ဂျုဒ်ဘယ်လင်ဟမ်နဲ့ မန်စီးတီးကွင်းလယ်လူ ဖီးလ်ဖိုဒန်တို့ကိုတော့ လူစာရင်းမှချန်လှပ်ခဲ့ပါတယ်။ ဆာကာဟာ ယခုနှစ် တူချယ်လ်ရဲ့လက်အောက်မှာ အင်္ဂလန်အတွက် ဇန်နဝါရီလက ၁ ပွဲသာပါဝင်ကစားထားရပြီး တံကောက်ကြောဒဏ်ရာကြောင့် မတ်နဲ့ စက်တင်ဘာလ တွေမှာတော့ လူစာရင်းမှချန်လှပ်ခံခဲ့ရပါတယ်။
ယခုအခါမှာ ဆာကာက "အင်္ဂလန်အသင်းမှာပြန်ကစားခွင့်ရလို့ ဝမ်းသာပါတယ်။ သောမတ်စ်တူချယ်လ်လက်အောက်မှာ ကျွန်တော်ပွဲစဉ်တွေအများကြီးလွဲချော်ခဲ့ပါတယ်။ ဒဏ်ရာတွေလည်း အများကြီးကြုံတွေ့ခဲ့ရပါတယ်။ အသင်းမှာပြန်ကစားခွင့်ရမှာမို့ ဝမ်းသာမိပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ယခုရာသီမှာ ဆာကာဟာ အာဆင်နယ်အတွက်ပြိုင်ပွဲစုံ ၇ ပွဲအထိပါဝင်ကစားထားပြီး စနေနေ့က ဝက်စ်ဟမ်းကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်မှ ပင်နယ်တီသွင်းဂိုးအပါအဝင် စုစုပေါင်း ၃ ဂိုးသွင်းယူထားနိုင်ပါတယ်။