
လှပတဲ့ဇာတ်လမ်းလေးတစ်ခုဖြစ်ပေမယ့် ဇာတ်သိမ်းကောင်းဖို့ လိုသေးတယ်လို့ ဆိုလိုက်တဲ့ အာတီတာ
ပီအက်စ်ဂျီကို အိမ်ကွင်းမှာရင်ဆိုင်ဖို့ ပြင်ဆင်နေချိန် နည်းပြအာတီတာက အာဆင်နယ်အသင်းရဲ့ အခုရာသီချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ခရီးလမ်းဟာ လှပတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပေမယ့် ဂန်းနားတွေမှာ အခုထက်ပိုပြီး အောင်မြင်ချင်တဲ့စိတ်ဆန္ဒရှိပါတယ်လို့ ပြောပါတယ်။
ဒါ့အပြင် အာတီတာက အင်္ဂါနေ့၊ ပထမအကျော့ပွဲစဉ်ဟာ အမ်းမရိတ်စ်ကွင်းရဲ့ မြင်ဖူးသမျှ အကြီးကျယ်ဆုံးပွဲစဉ်တွေအနက် တစ်ခု ဖြစ်လာလိမ့်မယ်လို့ ပြောဆိုပြီး အိမ်ကွင်းပရိသတ်တွေကို အင်တိုက်အားတိုက်အားပေးကြရန် တောင်းဆိုခဲ့ပါတယ်။ အာဆင်နယ်က ကွာတားဖိုင်နယ်အဆင့်မှာ လက်ရှိချန်ပီယံရီးရဲလ်မက်ဒရစ်ကို နှစ်ကျော့ပေါင်းရလဒ် ၅-၁ ဂိုးဖြင့် အနိုင်ယူပြီးနောက် ပီအက်စ်ဂျီနဲ့ ရင်ဆိုင်သွားရပါမယ်။ ပြီးခဲ့တဲ့အောက်တိုဘာလ၊ လိဂ်ပုံစံအုပ်စုအဆင့်မှာ ဒီနှစ်သင်းရင်ဆိုင်ခဲ့ဖူးပြီး ဂန်းနားတွေက ပြင်သစ်လီဂူးကလပ်ကို နှစ်ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ချန်ပီယံလိဂ်ဆုဖလားမရရှိခဲ့ဖူးတဲ့ ဂန်းနားတွေက ဆီမီးဖိုင်နယ်အဆင့်ဆီ ၂၀၀၉ ခုနှစ်မှာ နောက်ဆုံးအကြိမ်တက်ရောက်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်ကို နှစ်ကျော့ပေါင်းရလဒ် ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ အာစင်ဝင်းဂါးလက်အောက်မှာ မြောက်လန်ဒန်သားတွေက ၂၀၀၆ ချန်ပီယံလိဂ်ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့ပေမယ့် ဘာစီလိုနာကိုရှုံးနိမ့်ပြီး ဒုတိယလူအဖြစ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။
ဒီညပွဲစဉ်မတိုင်ခင် အာတီတာက “သမိုင်းကြောင်းရဲ့ဖိအားကို ခင်ဗျားတို့လည်း ခံစားမိပါလိမ့်မယ်။ အထူးသဖြင့် ဒီကလပ်အသင်းမှာ နှစ်ပေါင်းများစွာကြာ အလုပ်လုပ်ကိုင်ခဲ့ဖူးသူတွေ အများကြီးရှိပေမယ့် သူတို့တွေ ဒီအဆင့်မျိုးအထိ မရောက်ဖူးပါဘူး။ ဒါက ဘယ်လောက်အထိထူးခြားပြီး လှပနေသလဲဆိုတာကို ပြောပြပေးနေပါတယ်။ ကျွန်တော်တို့တွေ သမိုင်းသစ်ရေးနေတာပါ။ အရမ်းလှပတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ကျွန်တော်တို့ကတော့ အခုထက်ပိုပြီး လိုချင်နေပါသေးတယ်”လို့ ပြောပါတယ်။
ကိုင်ဟားဗက်ဇ်၊ ဆာကာ၊ အိုဒီဂတ်၊ ဘန်ဝှိုက်တို့လို ကစားသမားတွေအပါအဝင် အဓိကကစားသမားအများစုရဲ့ ဒဏ်ရာပြဿနာတွေက ဂန်းနားတွေရဲ့ဘောလုံးရာသီကို ကမောက်ကမဖြစ်စေခဲ့ပါတယ်။ သူတို့တွေက ပရီးမီးယားလိဂ်နောက်ဆုံးလေးပွဲမှာ တစ်ပွဲသာအနိုင်ရရှိပြီး အင်္ဂလန်ချန်ပီယံဆုအတွက် လီဗာပူးကို လက်မြှောက်ပေးခဲ့ရပါတယ်။ ဒါပေမယ့် ဥရောပအဆင့်မှာတော့ အာဆင်နယ်က လိဂ်ပုံစံအုပ်စုအဆင့်ပွဲစဉ်ရှစ်ပွဲမှာ ခြောက်ပွဲအထိ အနိုင်ရရှိခဲ့သလို ၁၆ သင်းရှုံးထွက်အဆင့်မှာလည်း ပီအက်စ်ဗွီကို နှစ်ကျော့ပေါင်းရလဒ် ၉-၃ ဂိုးဖြင့် ချေမှုန်းခဲ့ပါတယ်။
အာတီတာက “ဥရောပရဲ့အကောင်းဆုံးကလပ်အသင်းလေးခုအနက် တစ်ခုအဖြစ် ကျွန်တော်တို့ ဒီမှာရှိနေတာပါ။ ဒါက ခံယူချက်၊ စိတ်ဓါတ်နဲ့ ကျွန်တော်တို့ ဘယ်လောက်အထိအောင်မြင်မှု ဆာလောင်နေသလဲဆိုတာကို ပြောပြပေးနေပါတယ်”လို့ ဆိုပါတယ်။ မီရီနို၊ ဘန်ဝှိုက်တို့ ပြန်လာနိုင်မှုနဲ့အတူ အသင်းလူစာရင်းပိုင်းအင်အားတိုးမြင့်လာဖို့ရှိပေမယ့် အာတီတာကတော့ ရီးရဲလ်မက်ဒရစ်ကို သုံးဂိုးပြတ်အနိုင်ယူခဲ့တဲ့ပွဲစဉ်ထက် ပိုမိုကောင်းမွန်တဲ့ အငွေ့အသက်မျိုးတွေ ဖန်တီးသွားကြဖို့ ပရိသတ်တွေဆီ တောင်းဆိုခဲ့ပါတယ်။
၂၀၂၀ ပြည့်နှစ်အက်ဖ်အေဖလားအောင်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်မေဂျာဆုဖလားတစ်လုံး ဆွတ်ခူးနိုင်ဖို့ မျက်စိကျနေတဲ့ အာတီတာက “ စကားကို ပုံကြီးချဲ့မပြောချင်ပါဘူး။ ပရိသတ်တွေကိုယ်တိုင် အင်တိုက်အားတိုက် အားပေးစေချင်ပါတယ်။ ထူးရှယ်အရာတစ်ခုခုကို လိုချင်ပါသလား? ဒါဆိုရင် ဒီနေရာကလည်း ထူးရှယ်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ မမြင်ဖူးခဲ့တဲ့အရာမျိုးပေါ့”လို့ ပြောပါတယ်။