ဟယ်ရီကိန်းနဲ့ ယာမယ်လ်တို့ကို ကျော်ဖြတ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့အတူ ဘော်လွန်းဒီအော်ဆုပေးပွဲအခမ်းအနားဆီ တက်ရောက်မယ့် အမ်ဘာပေ
ဘော်လွန်းဒီအော်ဆုပေးပွဲအခမ်းအနားဆီ သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ဖို့ ရည်မှန်းထားတဲ့ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်အမ်ဘာပေ တက်ရောက်သွားမယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပြိုင်ပွဲစုံ ၆၁ ဂိုးသွင်းယူပြီး ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်နိုင်ခဲ့သလို ဘွန်ဒက်စ်လီဂါချန်ပီယံဆုအပါအဝင် ဆုဖလားသုံးလုံးအထိ ဆွတ်ခူးရရှိခဲ့တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းက တနင်္လာနေ့မှာချီးမြှင့်မယ့် ဘော်လွန်းဒီအော်ဆုကို သိမ်းပိုက်ဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
စပိန်အသင်းအတွက် ကမ္ဘာ့ဖလားချန်ပီယံဖြစ်လာအောင် ကူညီပေးခဲ့သလို လာလီဂါဆုဖလားအပါအဝင် ဆုဖလားနှစ်လုံးရရှိအောင် စွမ်းဆောင်ပေးခဲ့တဲ့ ဘာစီလိုနာလူငယ်ကြယ်ပွင့်ယာမယ်လ်ကတော့ ဟယ်ရီကိန်းရဲ့နောက်မှာ ဒုတိယမြောက်ရေပန်းအစားဆုံးသူအဖြစ် အများစု ခန့်မှန်းထားကြပါတယ်။
ပြင်သစ်ကြယ်ပွင့်အမ်ဘာပေက ရီးရဲလ်မက်ဒရစ်အတွက် ၄၄ ပွဲကစား၊ ၄၂ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့လို့ ဟယ်ရီကိန်း၊ ယာမယ်လ်တို့နဲ့အတူ ရေပန်းအစားဆုံးသူစာရင်းမှာ ပါဝင်နေပါတယ်။ ဒီသွင်းဂိုးတွေထဲမှာ လာလီဂါရဲ့ရွှေဖိနပ်ဆုကို သိမ်းပိုက်နိုင်မယ့် ၂၅ ဂိုးလည်း ပါဝင်နေပြီး ၂၀၂၆ ကမ္ဘာ့ဖလားရွှေဆုဖိနပ်ဆုရှင်ဖြစ်လာစေမယ့် သွင်းဂိုး ၁၀ ဂိုးလည်း ရှိနေပါသေးတယ်။
RMC Sport သတင်းဌာနရဲ့အတည်ပြုဖော်ပြချက်အရ အမ်ဘာပေက အနိုင်ရရှိဖို့ မျှော်လင့်ချက်နဲ့အတူ လန်ဒန်မှာ ပြုလုပ်မယ့် ဘော်လွန်းဒီအော်ဆုပေးပွဲအခမ်းအနားဆီ တက်ရောက်သွားမယ်လို့ သိရပါတယ်။
ဒါပေမဲ့ ပြင်သစ်လက်ရွေးစင်အသင်းရော၊ ရီးရဲလ်မက်ဒရစ်ပါ ဆုဖလားလက်မဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရလို့ ယာမယ်လ် သို့မဟုတ် ဟယ်ရီကိန်းကို အမ်ဘာပေကျော်ဖြတ်နိုင်မယ့် အခွင့်အလမ်းတော့ အရမ်းနည်းပါးနေပါတယ်။
အမ်ဘာပေက "ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ကျွန်တော့်ထက် ပိုအစွမ်းပြတဲ့သူ မရှိခဲ့ပါဘူး" လို့ ပြောကြားခဲ့သလို သူသာ အနိုင်ရရှိမယ်ဆိုရင် ၂၀၂၆ ဘော်လွန်းဒီအော်ဆုကို အာဖရိကတိုက်အတွက် ရည်ညွှန်းဂုဏ်ပြုချင်တယ်လို့ ဆိုပါတယ်။ ဒါက ဆုပေးပွဲမတိုင်ခင် ဆန္ဒမဲတွေ ပိုမိုရရှိစေဖို့အတွက် သိသာထင်ရှားတဲ့ မဲဆွယ်တောင်းဆိုမှုတစ်ခု ဖြစ်တယ်ဆိုတဲ့ ဝေဖန်မှုတွေလည်း ထွက်ပေါ်လာပါတယ်။