အာဆင်နယ်ရဲ့ရေဒါထဲမှာ ရှိနေတဲ့ ဗင်နီစီးယက်စ်အတွက် ပိုမိုကောင်းမွန်တဲ့စာချုပ်ဖြင့် ရီးရဲလ်မက်ဒရစ်ကမ်းလှမ်း
ရီးရဲလ်မက်ဒရစ်အသင်းက အာဆင်နယ်ရဲ့စိတ်ဝင်စားမှုရရှိထားတဲ့ ဘရာဇီးတောင်ပံကစားသမားဗင်နီးစီးယက်စ်ကို ဘာနေဗျူးမှာပဲ ဆက်ထိန်းထားနိုင်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ကစားသမားရဲ့လက်ရှိစာချုပ်သက်တမ်းက နောက်ဆုံး ၁၂ လအတွင်း ဝင်ရောက်လာခဲ့ပါပြီ။ စာချုပ်သက်တမ်းတိုးမြှင့်နိုင်ဖို့ ၁၈ လကြာ ဆွေးနွေးခဲ့ပေမဲ့ အခုအထိတော့ သဘောတူညီမှုမရရှိသေးဘဲ ဆွေးနွေးမှုတွေ ရပ်တန့်နေပါတယ်။
ဒါပေမဲ့ လတ်တလောမှာ ရီးရဲလ်မက်ဒရစ်ဘက်က စည်းကမ်းချက်အသစ်တွေနဲ့ ကမ်းလှမ်းလာပြီး ကစားသမားကိုယ်တိုင်လည်း အဲဒီအချက်တွေကို သဘောကျနေတယ်လို့ သိရပါတယ်။ BBC ရဲ့ ဖော်ပြချက်အရ အသင်းက ဗင်နီးစီးယက်စ်ရဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
ရီးရဲလ်မက်ဒရစ်ဆီ တကျော့ပြန်ရောက်ရှိလာတဲ့ နည်းပြမော်ရင်ဟိုအပါအဝင် အသင်းရဲ့အကြီးအကဲတွေက ဘရာဇီးသားနဲ့ စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ မျှော်လင့်နေကြပြီး ဗင်နီစီးယက်စ်ရဲ့အကြောင်းပြန်မှုကိုလည်း လျှင်လျှင်မြန်မြန်ရရှိဖို့ လိုလားနေကြပါတယ်။ ကစားသမားသာ အခုတစ်ကြိမ်ကမ်းလှမ်းမှုကို ငြင်းပယ်မယ်ဆိုရင် အာဆင်နယ်ရဲ့ကြိုးပမ်းမှု အရှိန်မြှင့်တင်လာနိုင်ပါတယ်။
ဗင်နီစီးယက်စ်က ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ပြီးနောက် ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေနဲ့ ဆေးစစ်မှုခံယူဖို့ တနင်္လာနေ့မှာ ရီးရဲလ်မက်ဒရစ်အသင်းဆီ ပြန်လည်ရောက်ရှိလာပါပြီ။ သူက အသင်းအတွက် ၃၇၅ ပွဲကစားထားပြီး ၁၂၈ ဂိုးအထိ သွင်းယူပေးထားပါတယ်။
ဒီတောင်ပံကစားသမားက သူ့ရဲ့စွမ်းဆောင်ရည်နဲ့လိုက်လျောညီထွေတဲ့ လစာနှုန်းထားမျိုး လိုချင်နေပြီး ရီးရဲလ်မက်ဒရစ်ဘက်ကလည်း သူတို့ရဲ့လစာသတ်မှတ်ချက်မူဝါဒကို ထိန်းသိမ်းချင်နေပါတယ်။ အာဆင်နယ်ကတော့ အသင်းရဲ့ဘယ်တောင်ပံနေရာအတွက် ဗင်နီစီးယက်စ်ကို အဓိကဦးစားပေးပစ်မှတ်အဖြစ် သတ်မှတ်ထားပါတယ်။